ဇက်ချိုးတာ အန္တရာယ်ရှိသလား
ဂျွတ်ခနဲ့ ဂျွတ်ခနဲ ဇက်ချိုးရတာဟာလည်း ဘာမှန်းမသိတဲ့ အရသာတစ်ခုပဲနော်။ ဒီလို ဇက်ချိုးတာဟာ ဘာအန္တရာယ်တွေများ ရှိနေမလဲ? ကြည့်ကြည့်ကြရအောင်နော်။
လူအများစုဟာ လက်ဆစ်ချိုး၊ လက်ချောင်း၊ ခြေချောင်းတွေ ချိုး၊ ခါးချိုးတတ်ကြတဲ့အပြင် ဇက်ချိုးတတ်တဲ့လူတွေတောင် ရှိပါသေးတယ်။ တစ်ခါတလေ လည်ပင်းတွေ၊ ပုခုံးတွေ တောင့်တင်းလာပြီလို့ ခံစားရလို့လည်း ဖြစ်နိုင်သလို တစ်ခါတလေကျတော့လည်း အကျင့်ပါနေလို့ ချိုးချိုးနေတတ်တာ ဖြစ်တတ်ပါတယ်။
ဇက်ချိုးတာ တကယ်အကြောပြေ အကျိုးရောရှိရဲ့လား? ဖြည်းဖြည်းသာသာ ချိုးမယ်၊ ရံဖန်ရံခါသာ ချိုးမယ်၊ နည်းမှန်လမ်းမှန် ချိုးမယ်ဆိုရင် ဘာမှမဖြစ်တတ်ပေမယ့် မကြာမကြာချိုးတာ၊ အားပြင်းတာ၊ နည်းမမှန်တာမျိုး ဆိုရင်တော့ မချိုးခင်ကထက်ကို ပိုပြီးနာကျင်စေပါလိမ့်မယ်။
>> တစ်ဂျွတ်ဂျွတ်နဲ့ ဘာလို့မြည်တာလဲ?
အဆစ်တွေကို ချိုးလိုက်တဲ့အခါ အဆစ်နားမှာရှိတဲ့ အဆစ်ဖုံး တင်းသွားပါတယ်။ ဒီလို အဆစ်ဖုံးတင်းသွားတဲ့အတွက် အဆစ်အပေါ် အဆစ်ဖုံးအတွင်းရှိ အရည်တွေရဲ့ဖိအား လျော့သွားပါတယ်။
ဒီလိုဖိအားလျော့သွားချိန်မှာ အရည်တွေကနေ ပူစီဖောင်းတွေအဖြစ်ကို ပြောင်းလဲသွားပြီး ပူစီဖောင်းပေါက်တဲ့ ဖောက်ခနဲ အသံထွက်လာတာပါ။ နာတာ ကျင်တာမျိုး မရှိတတ်ပါဘူး။
လည်ပင်းချိုးတဲ့အခါမှာလည်း ဒီလိုပဲပေါ့။ လည်ပင်းဆစ်ရဲ့တစ်ဖက်တစ်ချက်စီမှာ တွယ်ဆက်အဆစ်ကလေးတွေ အများကြီး ရှိနေပါတယ်။ ဒီအဆစ်တွေထဲက အရည်တွေ ပူစီဖောင်းအဖြစ်ပြောင်း ပေါက်ထွက်ပြီး ဖောက်ခနဲ မြည်တဲ့အခါ သက်သာသွားသလို ခံစားရတာပါ။
>> ဒါဆို ဇက်ချိုးတာ အကျိုးရှိရဲ့လား?
ခါးရိုးနဲ့ အကြောအဆစ် ပြုပြင်အထူးကုဆရာဝန် ကိုယ်နှိုက်က ပြုပြင်ဇက်ချိုးပေးတာမျိုးကတော့ ဦးနှောက်နဲ့ အာရုံကြောအတွက် အကျိုးရှိတာပေါ့။ ဖိအားလျော့သွားစေပြီး အဆစ်လွဲနေတာတွေကို ပြုပြင်ပေးနိုင်ပါတယ်။
တစ်ခါတလေကျတော့ ဘာဖိအားမှလည်းမလျော့၊ အဆစ်လည်း်မပြုပြင်ရဘဲ ဂျွတ်ခနဲ ကြားလိုက်ရတာနဲ့တင် စိတ်သက်သာရာ ရသွားတတ်ကြပါတယ်။
ဒါ့အပြင် ဇက်ချိုးတဲ့အခါ လည်ပင်းအဆစ်နားတစ်ဝိုက်မှာ endrophinလို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထွက်လာပါတယ်။ Endorphinဆိုတာ pituitary လို့ခေါ်တဲ့ ဟော်မုန်းထုတ်ဂလင်းကနေ ထုတ်လိုက်တဲ့ နာတာကျင်တာသက်သာစေနိုင်တဲ့ ဟော်မုန်းတစ်မျိုးပါ။ ဒါကြောင့်လည်း နည်းနည်း သက်သာသွားသလို ခံစားရတာ ဖြစ်နိုင်ပါတယ်။
>> ဇက်ချိုးတာ ဘယ်လောက်ထိ အန္တရာယ်များလဲ?
မှန်မှန်ကန်ကန် မချိုးမိရင်၊ မကြာမကြာချိုးမိရင် ဇက်ချိုးတာကလည်း နာကျင်တတ်ပါတယ်။
ဇက်ချိုးတာ အားပြင်းသွားရင် လည်ပင်းမှာရှိတဲ့ အာရုံကြောတွေ ညပ်သွားတတ်ပါတယ်။ အာရုံကြောသာ ညပ်သွားခဲ့ရင် အလူးအလဲ နာကျင်တတ်ပြီး လည်ပင်းတောင် လှုပ်လို့မရ ဖြစ်တတ်ပါတယ်။ အာရုံကြော မညပ်ရင်တောင် အဆစ်နားတစ်ဝိုက်ရှိတဲ့ ကြွက်သားတွေနဲ့ အဆစ်ကိုယ်နှိုက်ကို ဒဏ်ဖြစ်တတ်ပါတယ်။ ဒဏ်ဖြစ်သွားခဲ့ရင် လည်ပင်းလှုပ်ရှားတိုင်း နာနေမှာပေါ့။
လည်ပင်းကို အလှုပ်များခဲ့ရင် ဇက် ခဏခဏ ချိုးချင်စိတ် ဖြစ်လာမှာပါ။ ဒီလို ဇက် ခဏခဏ အချိုးများလာတဲ့အခါ အဆစ်နားတစ်ဝိုက်ရှိ အရွတ်တွေ တဖြည်းဖြည်း ရှည်လာတတ်ပါတယ်။ ဒီလိုဖြစ်လာတဲ့ လည်ပင်းဆစ်ဟာ အရိုးကျီးပေါင်းဖြစ်ဖို့ အခွင့်အလမ်း ပိုများလာတော့တာပေါ့။
နောက်တစ်ချက်က လည်ပင်းမှာ သွေးကြောလေးတွေ အများကြီး ပြေးနေပါတယ်။ တစ်ခါတစ်လေ ဇက်ချိုးတာ အားပြင်းသွားရင်၊ အကြိမ်ရေများသွားရင် ဒီသွေးကြောလေးတွေ တစ်ကြောကြော ပေါက်ထွက်သွားပြီး သွေးခဲြ ဖစ်သွားတတ်ပါတယ်။ ဒီသွေးခဲက ဦးနှောက်သွေးကြောကို သွားပိတ်ဆို့နိုင်လို့ အန္တရာယ် အလွန်များပါတယ်နော်။
>> ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြဖို့လိုမလဲ?
ပုံမှန် ဇက်ချိုးတတ်ပြီး နာတာကျင်တာ ဘာတစ်ခုမှ မရှိဘူးဆိုရင် မလိုအပ်ဘူးပေါ့။
မကြာမကြာ ဇက်ချိုးပေမယ့်လည်း အကြောမပြေဘူးဆိုရင်တော့ လည်ပင်းကျောရိုးဆစ်ကို ပြန်လည်တည့်မတ်ဖို့ လိုနေနိုင်ပါတယ်။ ဒီလိုတည့်မတ်ပေးခြင်းဖြင့် ခဏခဏ ဇက်ချိုးချင်တာတွေ ပျောက်သွားမှာပါ။
● လည်ပင်းနားတစ်ဝိုက် ရောင်လာရင် (အရည်တွေ စုပုံလာတာ၊ ဒဏ်ရာရတာ၊ ပိုးဝင်တာ တစ်ခုခု ဖြစ်နိုင်ပါတယ်။)
● လည်ပင်းဆစ်နား နာကျင်လာရင်၊ အထူးသဖြင့် အကြောင်းရင်း ထွေထွေထူးထူးမရှိဘဲ နာတာရှည် နာကျင်နေမယ်ဆိုရင်
● အသက်ကြောင့်ပဲဖြစ်ဖြစ်၊ အရိုးကျီးပေါင်းကြောင့်ပဲဖြစ်ဖြစ် အဆစ်တွေ လှုပ်ရှားရခက်လာရင်
ဆရာဝန်နဲ့ပြဖို့ လိုနိုင်ပါတယ်။
လည်ပင်းအဆစ်ကို ပြန်လည်တည့်မတ်ပေးတာမျိုး၊ လေ့ကျင့်ခန်းလုပ်၊ ဝိတ်လျှော့ စသဖြင့် လူနေမှုပုံစံပြောင်းလဲဖို့ အကြံပေးတာမျိုး၊ နာတာ ကျင်တာ ရောင်တာသက်သာဖို့ အပူအအေး ကပ်စေတာမျိုး စသဖြင့် ကုသအကြံပေးတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။
>> နောက်ဆုံးပြောချင်တာက -
နည်းမှန်လမ်းမှန်နဲ့ ရံဖန်ရံခါ ဇက်ချိုးတာမျိုးက ဖိအားကိုလျော့စေပြီး နေထိုင်ကောင်းစေနိုင်ပါတယ်။ ဒါပေမဲ့ တောက်လျှောက ်ဖိအားများနေမယ်၊ နာနေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























