/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ညစ်ပတ်တဲ့လက်တွေနဲ့-ဒီနေရာတွေကို-မကိုင်ပါနဲ့

ညစ်ပတ်တဲ့လက်တွေနဲ့ ဒီနေရာတွေကို မကိုင်ပါနဲ့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

     ကျွန်မတို့ ကိုယ်ခန္ဓာတစ်ခုလုံးတွင် အညစ်ပတ်ဆုံးနေရာက လက်များဖြစ်တယ်လို့ဆိုလျှင် အံ့သြသွားကြမယ် ထင်ပါတယ်။
      ကျွန်မတို့ဟာ အရာဝတ္ထုများကို ကိုင်တွယ်တိုင်း လက်ကိုအသုံးပြုရတဲ့အတွက် ဘက်တီးရီးယားတွေ အများအပြား စုဝေးနေတဲ့နေရာတစ်ခုဆိုလည်း မမှားပါဘူး။ ဒါကြောင့် ကိုယ်ခန္ဓာရဲ့အချို့အစိတ်အပိုင်းများကို လက်ဖြင့် တိုက်ရိုက်ကိုင်တွယ်ဖို့ မသင့်ပါဘူး။ ဘယ်လိုအစိတ်အပိုင်းတွေပါလိမ့်။ ဆက်လက်ဖတ်ရှုရအောင်။

●    မျက်နှာ
      ကော်ဖီဆိုင်တစ်ဆိုင်ထဲသို့ မျက်စိဝေ့ကြည့်လိုက်တာနဲ့ မျက်နှာကို လက်ထောက်ပြီး ထိုင်နေကြသူများကို တွေ့ရပါလ်မ့်မယ်။ တကယ်ကတော့ မျက်နှာသစ်ချိန်နဲ့  moisturizer လိမ်းချိန်ကလွဲပြီး မျက်နှာကိုလက်ဖြင့် မထိတွေ့သင့်ဘူးနော်။ အနုဇီဝပညာရှင်တစ်ယောက်ရဲ့အဆိုအရ သင့်လက်တွင် မျက်နှာချွေးပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံတွေကို ပိုဆိုးရွားစေမယ့် အဆီတွေ ရှိနေပါတယ်။ ဒါတင်မကသေးပဲ ဘက်တီးရီးယားတွေ စုဝေးနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ မျက်နှာကို လက်ဖြင့်မကိုင်ကြဖို့ သတိပြုပါနော်။

●    မျက်လုံး
      သင့်မျက်လုံးတွေဟာ အလွန်နူးညံ့တဲ့အတွက် လက်ဖြင့် ကိုင်တွယ်မိပါက ဘက်တီးရီးယားနဲ့ ဖုန်မှုန့်တွေ ဝင်ရောက်နိုင်ပါတယ်။ မဖြစ်မနေ ကိုင်တွယ်ရမယ်ဆိုပါက လက်များကို ဆပ်ပြာဖြင့်စင်ကြယ်အောင် အရင်ဆေးကြောပါ။ မျက်စိကို လက်ဖြင့် ပွတ်လေ့ရှိသူများအနေနဲ့လည်း မျက်ကွင်းညိုခြင်းနဲ့ အရေးအကြောင်းတွေကို ဖြစ်ပေါ်စေတတ်တာမို့ သတိပြုသင့်ပါတယ်။

●    နား
      နားအတွင်းဘက်ဟာ အလွန်နူးညံ့ပြီး ထိခိုက်လွယ်တဲ့အတွက် မကြာခဏ နားဖာကလော်ခြင်း၊ နားထဲသို့ လက်ချောင်း ထည့်ခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

●    နှာခေါင်း
      သင့်နှာခေါင်းအတွင်းဘက်တွင် ကောင်းကျိူးပြု ဘက်တီးရီးယားများဟာ သဘာဝအတိုင်း ရှိနေတတ်ပါတယ်။ သင့်အနေနဲ့ မကြာခဏ နှာခေါင်းကို လက်ဖြင့် နှိုက်ပါက ပြင်ပက ဘက်တီးရီးယားတွေ ဝင်ရောက်စေပြီး နှာစေးခြင်း၊ တုပ်ကွေးမိခြင်းတို့ကို ဖိတ်ခေါ်သလိုဖြစ်တတ်ပါတယ်။

●    ပါးစပ်
      လူတစ်ယောက်ရဲ့ ပါးစပ်ထဲမှာ မတူညီတဲ့ ဘက်တီးရီးယားပေါင်း ၃၄ ကနေ ၇၂ ခုထိ ရှိတတ်ပါတယ်။ သို့သော် ထိုဘက်တီးရီးယားတွေဟာ များသောအားဖြင့် ဆိုးကျိုးမပေးတတ်သော်လည်း လက်ကနေတစ်ဆင့် သယ်ဆောင်လာသော ပြင်ပမှ ဘက်တီးရီးယားတွေ ဝင်ရောက်လာပါက ကျန်းမာရေးဆိုးကျိုးများကို သယ်ဆောင်လာမှာအမှန်ပါပဲ။

●    တင်ပါး
      အိမ်သာအဆင်း လက်ဆေးခြင်း မနှေးပြုလုပ်ပါဆိုတာ ဆောင်ပုဒ်သက်သက်ပဲ မဟုတ်ပါဘူး။ သင့်စအိုတစ်ဝိုက်မှာကို လက်ဖြင့် ကိုင်တွယ်ပါက ဝမ်းပျက်ဝမ်းလျှောဖြစ်စေမယ့် ပိုးမွှားတွေအပြင် အခြားပိုးတွေကိုပါ ပျံ့နှံ့စေပါလိမ့်မယ်။

●    ချက်
      သင် သိပါသလား ချက်ဟာလည်း လက်များနည်းတူ အညစ်ပတ်ဆုံး ကိုယ်အစိတ်အပိုင်းတစ်ခုဆိုတာ။ ချက်တွင် ပိုးမွှားများစွာ စုဝေးနေပြီး ရေချိုးပြီးချိန်မှာတောင် စိတ်ချစွာ မကိုင်တွယ်သင့်ပါဘူး။

●    လက်သည်း
      သင့်ခြေသည်း လက်သည်းတွေအောက်မှာ မမြင်ရတဲ့ ပိုးမွှားများစွာ နေထိုင်ကြပါတယ်။ ဒါကြောင့် လက်သည်းကိုက်ခြင်း၊ လက်သည်းများကို လက်ဖြင့် ကိုင်တွယ်ခြင်းမျိုး မပြုလုပ်သင့်ပါဘူး။
    အစားအစာ ကိုင်ခါနီး မျက်နှာနှင့် ကလေးငယ်တို့ကို မကိုင်ခင်မှာ လက် သေချာဆေးဖို့ မမေ့ပါနဲ့နော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)