ညဘက်တွေမှာ ရင်ပူလို့ အိပ်ရာက နိုးလာတတ်ပါသလား
• ကောင်းကောင်း အိပ်ပျော်စေဖို့အတွက် ကျောကို 35 ဒီဂရီလောက် မတ်မတ်ထားအိပ်ပါ
ပက်လက်လှဲအိပ်ခြင်းဖြင့် အစာအိမ်ထဲက အက်ဆစ်တွေက အစာပြွန်ထဲကို ပြန်ကန်ထွက်လာစေပါတယ်။ အက်ဆစ်တွေ အောက်ကိုပြန်ကျစေဖို့အတွက် ကျောကို 35 ဒီဂရီလောက် မတ်မတ်ထားအိပ်ပါ။ ဒီလိုဖြစ်ဖို့အတွက် ခုတင်ခေါင်းရင်းကို 6 လက်မလောက် မြှင့်ထားပေးရင် ရပါပြီ။ ဘယ်ဘက်ကို စောင်းအိပ်ခြင်းအားဖြင့်လည်း အစာချေခြင်းကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
• ညစာ စောစောစားပါ
အစာအိမ်ထဲမှာ အစာအပြည့်နဲ့ ညအိပ်ခြင်းက ညဘက်ရင်ပူခြင်းကို ပိုဖြစ်စေပါတယ်။ အစာအိမ်ထဲမှာ အစာတွေ ပြည့်နေခြင်းကြောင့် အစာအိမ်ထိပ်ကို ဖိအားသက်ရောက်စေပြီး အက်ဆစ်တွေက အစာပြွန်အပြင်ကို ကန်ထွက်လာစေပါတယ်။ ဒါကြောင့် အိပ်ရာမဝင်မီ အနည်းဆုံး 2-3 နာရီခန့်ခွာပြီး ညစာစားပါ။ ညစာ စောစောစားပြီး ညဘက်မှာ သရေစာ ထပ်မစားပါနဲ့။
• ချောကလက်၊ ချောကလက်ပါသော အစားအစာတွေနဲ့ ကော်ဖီတွေ ရှောင်ပါ
ညစာစားပြီး ဒါတွေစားခြင်းက ရင်ပူခြင်းကို ပိုဆိုးစေပါတယ်။ ညဘက်မစားသင့်တဲ့ အခြားအစားအစာတွေကတော့ အချဉ်ဓာတ်ပါသောအသီးများ၊ ကြက်သွန်နီ၊ အမြှုပ်ထွက်သောအရည်များ၊ အဆီများသော၊ စပ်သောအစားအစာများ ဖြစ်ကြပါတယ်။ နောက်ပြီး ကြော်ထားတဲ့အစားအစာတွေ စားမယ့်အစား အပြုတ်တွေစားပါ။
• ညအိပ်ရာမဝင်မီ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်ပါနဲ့
ညဘက်အိပ်ရာမဝင်မီ လေ့ကျင့်ခန်း ပြင်းထန်စွာလုပ်ခြင်းက ရင်ပူစေပါတယ်။ ညစာစားပြီး လမ်းအနည်းငယ်လျှောက်ခြင်းနဲ့ အစာချေချိန် ပေးခြင်းဖြင့် ရင်ပူခြင်းကို သက်သာစေနိုင်ပါတယ်။
• ညစာ အလွန်အကျွံ မစားပါနှင့်
အစား အများကြီးစားခြင်းက ရင်ပူခြင်းကို ပိုဆိုးစေပါတယ်။ ဒါကြောင့် နည်းနည်းနဲ့ မကြာခဏ စားပေးပါ။ ဗိုက်မပြည့်ခင်မှာ အစာစားတာကို ရပ်လိုက်ပါ။ ဒါက ညဘက်ရင်ပူတာကို သက်သာစေပြီး ကိုယ်အလေးချိန် ထိန်းဖို့အတွက်လည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
• အန္တရာယ်လက္ခဏာတွေကို စောင့်ကြည့်ပါ
တစ်ပတ်ကို နှစ်ကြိမ်ထက် ပိုပြီးရင်ပူရင် (သို့) ဆက်တိုက်ဖြစ်နေရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ အစာအိမ်ထဲက အက်ဆစ်တွေအပေါ် ပြန်ကန်တက်တာများရင် အနာများ၊ လည်ချောင်းနဲ့ အဆုတ်ပြဿနာတွေနဲ့ အခြားအခြေအနေတွေ ကြုံတွေ့ရနိုင်ပါတယ်။ ရုတ်တရက် ရင်ဘတ်အောင့်ခြင်း၊ တင်းကြပ်ကြပ်ဖြစ်ခြင်း၊ ရင်ဘတ်ဆုတ်ဆွဲထားသလို ခံစားရတယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။ အစာမျိုချရခက်ရင် (သို့) အကြောင်းအရင်းမရှိ ကိုယ်အလေးချိန် ကျသွားရင်လည်း ဆေးကုသမှုခံယူပါ။
• ညဘက် အရက်မသောက်ပါနဲ့
အရက်အမျိုးအစားတိုင်းက ရင်ပူစေပါတယ်။ ဒါ့ကြောင့် တတ်နိုင်သမျှ လျှော့သောက်ပါ။ ညဘက် အရက်သောက်ပြီး ရင်ပူတတ်ရင် ဘီယာ၊ ဝိုင်ကို ညစာနဲ့အတူ ဖြည်းဖြည်းချင်းသောက်ပါ။ ညစာစားပြီးရင် ထပ်မသောက်ပါနဲ့တော့။
• ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
ဘယ်သူမဆို ရင်ပူတတ်ပေမယ့် ဝတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အစာအိမ် အပေါ်ဝမှာရှိတဲ့ အစို့ကို ဖိအားသက်ရောက်စေလို့ ဖြစ်ပါတယ်။
• ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ခြင်းက ရင်ပူခြင်းဖြစ်စေတဲ့ အဓိကအကြောင်းတစ်ခုပါ။ ဒါက အစာပြွန်နဲ့ အစာအိမ်ကြားက အဆို့ကို အားနည်းစေလို့ ဖြစ်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးလိပ်ဖြတ်ပါ။
• ညစာစားပြီးရင် ပူရှိ်န်းစားခြင်း ရှောင်ပါ
အများစုက ညစာစားပြီး ပူရှိန်းစားရင် ရင်ပူတတ်ပါတယ်။ သုတေသီတွေက ပူရှိန်းတွေက အစာအိမ်အဆို့ကို လျော့စေတဲ့အတွက် အက်ဆစ်တွေအပေါ်ကို ပြန်ကန်ထွက်စေနိုင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။
• ကိုယ်စားတဲ့ အစားအစာတွေကို ရေးမှတ်ထားပါ
စားတဲ့အစားအစာတွေကို ရေးမှတ်ထားပြီး ဘာစားရင် ရင်ပိုပူလည်းဆိုတာကို မှတ်ထားပါ။ ဒီအစားအစာတွေကို ရက်အတော်ကြာ မစားဘဲ နေကြည့်ပါ။ နောက်မှ တစ်ခါစားရင် တစ်မျိုးလောက် ထည့်စားပြီး ရင်ပူသေးလား စောင့်ကြည့်ပါ။
• ညဝတ်အကျၤ ီချောင်ချောင်ချိချိ ဝတ်ပါ
ညအိပ်ဝတ်စုံကြပ်ကြပ်တွေက အစာအိမ်ကို ဖိအားသက်ရောက်စေပြီး ရင်ပူခြင်းကို ပိုဆိုးစေပါတယ်။
• ပီကေဝါးပါ
သုတေသနတွေအရ ပူရှိန်းနဲ့ သကြားမပါတဲ့ ပီကေကို ထမင်းစားပြီး နာရီဝက်ခန့် ဝါးပေးခြင်းဖြင့် ရင်ပူခြင်းကို သက်သာစေနိုင်တယ်လို့ တွေ့ရှိရပါတယ်။ ပီကေဝါးခြင်းကြောင့် တံတွေး ခဏခဏမျိုချစေပြီး အက်ဆစ်ပြင်းအား လျော့သွားစေခြင်းကြောင့် ဖြစ်ပါတယ်။
• ဒူးခေါင်းကနေ ကွေးပါ
ညဘက်မှာ ကလေးချီတာပဲဖြစ်ဖြစ်၊ ပစ္စည်းတစ်ခုခု ကောက်ယူတာပဲဖြစ်ဖြစ်၊ အိမ်မှုကိစ္စပဲလုပ်လုပ် အောက်ကိုငုံ့ရမယ်ဆိုရင် ဒူးခေါင်းကနေကွေးပြီး ငုံ့ပါ။ ခြေကျင်းဝတ်က ကွေးပြီး အောက်ငုံ့ခြင်းက ရင်ပူခြင်းကို ဖြစ်စေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























