ညလယ်စာ စားရင် ရေရှည်မှာ မှတ်ဉာဏ် ထိခိုက်နိုင်တယ်နော်
ညမှာ စာဖတ်လို့ပဲဖြစ်ဖြစ်၊ ဂျူတီဆင်းလို့ပဲဖြစ်ဖြစ် တစ်ခုခုဝယ်ပြီး အဝစားလိုက်တာဟာ ကျန်းမာရေးနဲ့ ဘယ်လိုမှ မညီညွတ်ပါဘူးတဲ့။
ညလယ်စားတဲ့အကျင့်ဟာ ရေရှည်မှာ မှတ်ဉာဏ်နဲ့ လေ့လာဆည်းပူးဉာဏ်ရည်တွေကို ထိခိုက်သွားစေပြီး ဦးနှောက်စွမ်းရည် ကျဆင်းလာမှာ ဖြစ်ပါတယ်လို့ သုတေသနပညာရှင်တွေက ထောက်ပြထားပါတယ်။
အိပ်စက်ခြင်းဆိုတာ အဓိကကျတဲ့ မရှိမဖြစ် အနားယူမှုလုပ်ငန်းစဉ်ပါ။ တကယ်အိပ်ရမယ့်အချိန်မှာ မအိပ်ဘဲ စားနေမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ဆောင်မှုတွေ ပျက်ပြားသွားပြီး အနားယူနေတဲ့ အူလမ်းကြောင်းတွေကို ဝန်ပိစေတဲ့အပြင် ဉာဏ်စွမ်းရည်ပါ ကျလာမှာ ဖြစ်ပါတယ်။
ညလယ်စာ ထစားချိန်မှာ ဗိုက်ဆာလို့ တစ်ခုခု ထဝါးလိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ပုံမှန်နားနေတဲ့ ညီမျှမှု ပျက်ပြားသွားတာကြောင့် မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုတွေ ကျဆင်းလာစေတာ ဖြစ်ပါတယ်။
အရေးအကြီးဆုံး အကြောင်းပြချက်ကတော့ အိပ်ရေးမဝတော့ဘဲ ခန္ဓာကိုယ်နဲ့ အူလမ်းကြောင်း ဦးနှောက်ကို အလုပ်ပိုပေးသလို ဖြစ်နေတဲ့အချက်ပါ။ ဒီတော့ ညလယ်မှာ ဗိုက်ဆာတတ်တယ်ဆိုရင်တောင် မချိုတဲ့အသီးအနှံ၊ သကြားမပါတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ ဖျော်ရည်၊ စွပ်ပြုတ်ကျဲကျဲ၊ နွားနို့၊ ဒိန်ချဉ် စတာတွေကိုသာ ရွေးချယ်သင့်ပါတယ်။
ညအချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရင်တော့ အကောင်းဆုံးပါပဲ။ ကိုယ်က ဂျူတီကျနေလို့၊ စာဖတ်နေလို့ မအိပ်နိုင်ဘူးဆိုရင်တောင် ရေ တဝသောက်ခြင်း၊ အသီးစားခြင်း စတာတွေသာ ပြုလုပ်သင့်ပြီး ထမင်းဟင်း၊ ခေါက်ဆွဲ စတာတွေလို ဗိုက်လေးစေတဲ့ အစားအစာတွေကို လုံးဝရှောင်သင့်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























