/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ညအိပ်စဉ်-အလွန်အမင်းချေွးထွက်ခြင်း

ညအိပ်စဉ် အလွန်အမင်းချေွးထွက်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.  ညအိပ်စဉ်ချေွးပြန်ခြင်းနှင့် ပတ်သက်၍ ထင်ရှားသည့်အချက်များ

(1)  ညအိပ်စဉ် ချေွးပြန်ခြင်း (Night Sweats) သည် အဝတ်အစားများသာမက အိပ်ရာပါရွှဲရွှဲစိုစေသည် အထိ ချေွးပြန်စေတာဖြစ်ပါတယ်။

 (2)  အိပ်ခန်းသည် သက်တောင့်သက်သာရှိသည်အထိ အေးမြနေသော်လည်း ညအိပ်စဉ်ချေွးပြန်ခြင်းဖြစ်ပေါ်နိုင် ပါတယ်။

 (3) ဟော်မုန်းဓာတ်များအပြောင်းအလဲဖြစ်ပေါ်ခြင်းသည် ညဘက်ချေွးပြန်ခြင်းကို မကြာခဏဖြစ်ပေါ်စေ တတ်ပါတယ်။

          ချေွးပြန်တယ်ဆိုတာဟာ ကိုယ်ခန္ဓာကိုအေးမြစေတဲ့နည်းလမ်းတစ်ခုပါ။ နေ့ဘက်အချိန်တွေမှာ လူတိုင်းချေွးထွက်တတ်ပါတယ်။ ဒါပေမယ့် တချို့လူတွေမှာ ညဘက်ကျမှပိုပြီး အလွန်အမင်းချေွးပြန်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ညဘက်ဇောချေွးပြန်ခြင်းဟာ စောင်အထူကြီးတွေခြုံမိလို့ ရိုးရိုးချေွးပြန်တာမျိုးနဲ့ မတူပါဘူး။ ညဝတ်အကျႌတွေ၊ အိပ်ရာခင်းတွေ ရွှဲရွှဲစိုတဲ့အထိကိုဖြစ်စေတာပါ။ အိပ်ရာခင်းတွေနဲ့ ခေါင်းအုံးတွေ ရွှဲရွှဲစိုလွန်းလို့ ဆက်ပြီးအိပ်စက်လို့ မရနိုင်ဖြစ်တတ်ပါတယ်။ ရေကူးကန်ထဲကို ခုန်ချရသလိုခံစားချက်မျိုးလို့ night sweats ဖြစ်ပေါ်သူ တချို့က ၄င်းတို့ အတွေ့အကြုံကို ဖော်ပြတတ်ကြပါတယ်။ ညဘက်အခန်းထဲမှာအေးနေရင်တောင် အလွန်အမင်းဇောချေွးပြန်ခြင်းဖြစ်ပေါ်ပါတယ်။

 

2. ဖြစ်ပေါ်ရသည့် အကြောင်းရင်းများ

(1)  ကင်ဆာ

        ညအိပ်စဉ်အလွန်အမင်းချေွးပြန်ခြင်းဟာ အောက်ပါကင်ဆာအကျိတ်ရောဂါတွေရဲ့ ကနဦးပိုင်းလက္ခဏာ တစ်ခုဖြစ်နိုင်ပါတယ်။

-  သွေးကင်ဆာ (Leukemia)

-  ပြန်ရည်အိတ် (ပြန်ရည်ကြောကျိတ်)ကင်ဆာ (Lymphoma)

-  ကင်ဆာကဲ့သို့သော အကျိတ်အဖုရောဂါ (Carcinoid tumors)

-  အရိုးကင်ဆာ (Bone Cancer)

-  အသည်းကင်ဆာ (Liver Cancer)

-  နှလုံးဖုံးမြှေး၊ အဆုတ်ဖုံးမြှေး၊ ဝမ်းဖုံးမြှေးတို့မှဖြစ်သောအကျိတ် (Mesothelioma) စသည်တို့ရဲ့ အစောဦးပိုင်း လက္ခဏာတစ်ခုအနေနဲ့တွေ့ရပါတယ်။

        အချို့ကင်ဆာရောဂါတွေဟာ ဘာလို့ ညဘက်အလွန်အမင်းချေွးပြန်ခြင်းကိုဖြစ်ပေါ်စေလဲဆိုတာကိုတော့ မကွဲပြားသေးပါဘူး။ ခန္ဓာကိုယ်က ကင်ဆာရောဂါကိုခုခံတိုက်ခိုက်နေတာကြောင့်ဖြစ်နိုင်သလို ဟော်မုန်းဓာတ် အပြောင်းအလဲကလည်း အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။ ကင်ဆာရောဂါက အဖျားဓာတ်၊ အပူဓာတ်ဖြစ်စေတဲ့အခါမှာ ခန္ဓာကိုယ်ကပြန်လည်အေးမြဖို့ ကြိုးစားတာလည်းဖြစ်နိုင်ပါတယ်။ တချို့လူတွေမှာတော့ ညအိပ်စဉ်ဇောချေွး အလွန်အမင်းပြန်ခြင်းဟာ ကင်ဆာကိုကုသတဲ့ ဆေးတွေကြောင့်ဖြစ်နိုင်သလို ဟော်မုန်းဓာတ်ပြောင်းလဲစေတဲ့ဆေးတွေနဲ့ မော်ဖိန်းဆေး (morphine) ကြောင့်လည်းဖြစ်နိုင်ပါတယ်။

(2)  အခြားအကြောင်းရင်းများ

        ကင်ဆာရောဂါကြောင့်မဟုတ်ဘဲ တခြားအကြောင်းရင်းများကြောင့်လည်း ညဘက် အလွန်အမင်းချေွးပြန်ခြင်းကို ဖြစ်ပေါ်နိုင်ပါတယ်။

-  သွေးဆုံးကိုင်ချိန်နဲ့ သွေးဆုံးချိန်တို့မှာဖြစ်တဲ့ ဟော်မုန်းအပြောင်းအလဲများ၊

-  ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ သွေးလှည့်ပတ်မှုများပြားခြင်းနှင့် ဟော်မုန်းဓာတ်များပြားလာခြင်း၊

-  တီဘီရောဂါနှင့် နှလုံးကြွက်သားအတွင်းဆုံးလွှာရောင်ရမ်းခြင်း (Endocarditis) စသည့် ဘတ်တီးရီးယားပိုးရောဂါများ

-  ရောဂါနှင့် ပတ်ဝန်းကျင်အခြေအနေကြောင့်မဟုတ်ဘဲ အကြောင်းရင်းရှာမရတဲ့ ချေွးအလွန်အမင်း ထွက်တဲ့အခြေအနေ (Idiopathic Hyperhidrosis)၊

-  သွေးတွင်းသကြားဓာတ်လျော့နည်းခြင်း (Hypoglycemia)

-  စိတ်ကျရောဂါကုဆေးများ၊ ဟော်မုန်းဆေးများ၊ အဖျားကျဆေးများကဲ့သို့ အချို့သောဆေးဝါးများ

-  လည်ပင်းမှသိုင်းရွိုက်ဂလင်းလွန်ကဲစွာအလုပ်လုပ်ခြင်း၊ သိုင်းရွိုက်ဟော်မုန်းလွန်ကဲနေခြင်း (Hyperthyroidism)

-  စိတ်ပူပန်မှုများခြင်း စတဲ့အကြောင်းရင်းများကလည်း ဖြစ်ပေါ်စေပါတယ်။

         ညအိပ်စဉ်အလွန်အမင်းချေွးပြန်ခြင်းကိုဖြစ်စေတဲ့ ဘဝနေထိုင်မှုပုံစံတွေကလည်း အကြောင်းရင်းတွေဖြစ်ပါတယ်။

-  ညမအိပ်မီ လေ့ကျင့်ခန်းလုပ်ခြင်း

-  ညမအိပ်မီ ပူပြင်းတဲ့ဖျော်ရည်၊ အရည်များသောက်ခြင်း

-  အရက်သောက်ခြင်း

-  ညအိပ်ကာနီး စပ်သောပူသောအစားများစားခြင်း

-  အခန်းအား အပူချိန်မြင့်မားစွာပေးခြင်း၊ ပူအိုက်သောရာသီတွင် လေအေးပေးစနစ်မရှိခြင်း စတဲ့နေထိုင်မှုပုံစံတွေဟာလည်း ညဘက်အလွန်အမင်း ချေွးပြန်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

        အထက်ပါနေထိုင်မှုပုံစံတွေကြောင့် ဖြစ်ပေါ်တာဆိုရင်တော့ အဲဒါတွေကိုရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

 

3.  ဆရာဝန်နှင့် ပြသခြင်း

        ညဘက်အလွန်အမင်းဇောချေွးပြန်ခြင်းမှာ တစ်ကြိမ်၊ နှစ်ကြိမ်သာဖြစ်ပေါ်ခဲ့လျှင် နေထိုင်မှုပုံစံနှင့် ပတ်ဝန်းကျင်အခြေအနေကြောင့်ဖြစ်နိုင်ပြီး ဆရာဝန်နှင့်ပြသရန် မလိုတတ်ပါ။ ပုံမှန်အမြဲဖြစ်ပေါ်နေပြီး အိပ်စက်မှုပုံစံကို ပျက်စီးတဲ့အထိဖြစ်စေလာတယ်ဆိုလျှင်မူ ဆရာဝန်နဲ့ပြသသင့်ပါတယ်။ အဖျားရှိတယ်၊ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်လျော့ကျလာတယ် (သို့မဟုတ်) အခြားလက္ခဏာများ ရှိလာတယ်ဆိုရင်လည်း ဆရာဝန်နဲ့ပြသရမှာ ပဲဖြစ်ပါတယ်။ ညဘက်အလွန်အမင်းဇောချေွးပြန်တဲ့ရက်တွေ မှာ နေ့ဘက်လုပ်ဆောင်ခဲ့သမျှတွေ၊ အခန်းအပူချိန်၊ အိပ်ရာမဝင်မီစားသောက်ခဲ့တာတွေနဲ့ ခံစားရတဲ့လက္ခဏာတွေကို သတိပြုမှတ်သားဖို့အတွက် ဆေးမှတ်တမ်းတစ်ခုကို ဆရာဝန်ကလုပ်ဆောင်ခိုင်းတတ်ပါတယ်။ ကျန်းမာရေးရာဇဝင်နဲ့ လက္ခဏာတွေကို ဆရာဝန်ကမေးမြန်းစမ်းသပ်ပြီး လိုအပ်လျှင်သွေးတွင်း သိုင်းရွိုက်ဟော်မုန်းဓာတ်ပမာဏ၊ သွေးတွင်း သကြားဓာတ်နဲ့ သွေးတွင်း သွေးဆဲလ် အရေအတွက် စတာတွေကိုစစ်ဆေးခိုင်းမှာဖြစ်ပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းရင်းကို သိနိုင်ဖို့အတွက်ပါ။

 

4.     ညအိပ်စဉ် အလွန်အမင်းဇောချွေးပြန်ခြင်းကို ကုသခြင်း

        ညဘက်အလွန်အမင်းချေွးပြန်ခြင်းကို ဘယ်လိုကုသရမလဲဆိုတာ ဖြစ်ပေါ်စေတဲ့အကြောင်းရင်းပေါ် မူတည်ပါတယ်။ အစားအသောက်နေထိုင်မှုပုံစံနဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့်ဖြစ်လျှင် အဆိုပါအခြေအနေ ကို ရှောင်ကြဉ်တာနဲ့တပြိုင်နက် ပျောက်ကင်းပါတယ်။ တကယ်လို့ ရောဂါပိုးကြောင့်ဖြစ်တာဆိုလျှင်တော့ သင့်လျော်တဲ့ပိုးသတ်ဆေးပေးနိုင်ပါတယ်။ သွေးဆုံးကိုင်ချိန်မှာဖြစ်တဲ့ ညဘက်ချေွးပြန်ခြင်း ကို ဟော်မုန်းပြန်လည်ဖြည့်တင်းဆေးကုထုံး (Hormone Replacement Therapy or HRT) နဲ့ ကုသနိုင်ပါတယ်။ ဒါပေမယ့် HRT မှာ သွေးခဲခြင်း၊ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါတို့ဖြစ်နိုင်ခြေပိုမိုများစေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတဲ့အတွက် HRT သုံးစွဲလို့ရရှိမယ့် အကျိုးနဲ့အပြစ်ကို ဂရုစိုက်ချိန်ထိုးကြည့်ဖို့ လိုအပ်ပါတယ်။ ကင်ဆာရောဂါကြောင့် ညဘက်ချေွးပြန်ခြင်းကိုတော့ ကင်ဆာကုထုံးနဲ့ကုသဖို့လိုအပ်ပြီး ကင်ဆာရောဂါအမျိုးအစားနဲ့ အဆင့်ပေါ်မူတည်ပြီး ကင်ဆာကုထုံးတွေ ကွဲပြားနိုင်ပါတယ်။ ကုသမှုကို ခန္ဓာကိုယ်ကထိန်းညှိ ခံနိုင်ရည်ရှိသွားချိန်မှာ ညဘက်ချေွးပြန်ခြင်းပျောက်ကင်းနိုင်ပါတယ်။

        လူအများစုဘဝမှာ တစ်ကြိမ်တစ်ခါခန့်မျှ ညဘက်ချေွးထွက်လွန်ခြင်းဖြစ်ပေါ်ဖူးပါတယ်။ အများစုက ကြာရှည်ပြဿနာကြုံတွေ့ရလေ့မရှိပါဘူး။ တကယ်လို့ညဘက်ချေွးထွက်လွန်ခြင်းကို ဆက်တိုက်ကြုံတွေ့နေရတယ် ဆိုလျှင် ဘာကြောင့်ဖြစ်ရလဲကို ဆန်းစစ်ရန်လိုမှာဖြစ်ပြီးတော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။ အကြောင်းရင်း အများစုကို အောင်မြင်စွာကုသနိုင်ပြီးတော့ ကင်ဆာကြောင့် ညဘက်ချေွးထွက်လွန်ခြင်းဖြစ်နေတာ ဆိုလျှင်တော့ ကင်ဆာကိုကုသချိန်မှာပဲ ပျောက်ကင်းလေ့ရှိပါတယ်။ စောစီးစွာကုသမှုခံယူခြင်း ဟာ ပြန်လည်ကောင်းမွန်နိုင်ခြေကို ပိုမိုများပြားစေနိုင်ပါတဲ့အတွက် ဆရာဝန်နဲ့အချိန်မီပြသနိုင်ဖို့ အရေးကြီးလှပါတယ်။

 

 Dr. Thanda Lin

www.drmyanmar.com