တကယ်ဆာမှ စားနော်
မဆာဘဲနဲ့ အလကားနေရင်း မုန့်ကောက်ဝါးနေတာ အဆွယ်ကောင်းလို့ မုန့်ဆိုင် ပါသွားတာ အလုပ်စောပြီးလို့ ထမင်း စောစားလိုက်တာတွေက သွေးတွင်းအချိုဓာတ်ကို မမှန်မကန်ဖြစ်စေပြီး ရေရှည်မှာ ကျန်းမာရေး ထိခိုက်စေပါသတဲ့။
အစားအစာကို ဆာနေတဲ့အချိန်မှာ တကယ်လိုအပ်တဲ့အချိန်မှာ စားတာ အကောင်းဆုံးလို့ သုတေသနပညာရှင်တွေက အကြံပြုထားပါတယ်။ ဒါဆို သိပ်ဆာနေမှ စားရမှာလား။ အဲဒီလိုလည်း မဟုတ်ပါဘူး။ နည်းနည်းလေး ဗိုက်ဟာလာတဲ့အထိ သည်းခံစောင့်ပေးခြင်းဖြင့် ခန္ဓာကိုယ်နဲ့ အချိတ်အဆက်မိမိလေးဖြစ်အောင် စားပေးစေလိုပါတယ်။
မဆာဘဲနဲ့ စားတဲ့အခါ နဂိုက ခန္ဓာကိုယ်သွေးထဲမှာ သွေးတွင်းအချိုဓာတ် များနေပြီးသားပါ၊ သွေးထဲက အချိုဓာတ် များနေတာကိုမှ ကိုယ်ကထပ်ပြီး ကစီဓာတ် အချိုဓာတ် ထပ်ထည့်တဲ့အခါ အချိုဓာတ်တွေ ဆောင့်တက်သွားပြီး ရေရှည်မှာ အဝလွန်တာနဲ့ ဆီးချိုရောဂါတွေဆီ ဦးတည်နေပါတယ်။
သိပ်မဆာဘဲနဲ့ ထမင်းစားချိန် မရောက်သေးဘဲနဲ့ အချိုရည်သောက်တာ၊ မုန့်စားတာကလည်း ဘာမှအထောက်အကူမပြုဘဲ ဆိုးကျိုးသာ ပေးနိုင်နေမှာ ဖြစ်ပါတယ်။
>> ဒီတော့ ဘယ်လိုစားမလဲ?
● မနက်စာကို အဝစားပါ။
● နေ့ခင်းစာနဲ့ မနက်စာကြားမှာ ဘာမှမစားပါနဲ့။
● နည်းနည်းဆာလာရင် မချိုတဲ့အသီးတစ်ခုခု ကောက်ဝါးပါ။ ရေသောက်ပါ၊
● နေ့ခင်းရောက်ပြီး အသင့်အတင့် ဗိုက်ဆာလာတာ သေချာမှ ထမင်းချိုင့် ဖွင့်ပါ။
● နေ့ခင်း သုံးနာရီလောက်မှာ အသီးဖျော်ရည်တစ်ခုခု သောက်နိုင်ပါတယ်။ ညစာကို ပရိုတင်း အသားဓာတ်နဲ့ အသီးအရွက် များများပါဝင်ပါစေ။
ဒီလို ဆာမှ စားမလား၊ မဆာခင် အားနာလို့ စောနေလို့ ဟိုဒီသွားရမို့ ကြိုစားမလား။ မိမိရဲ့ရွေးချယ်မှုက ကိုယ့်ရဲ့ ရေရှည်ကျန်းမာရေးကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ သူ့အချိန်နဲ့သူ မှန်မှန်စားခြင်းဖြင့် မှန်ကန်တဲ့ အစာချေလုပ်ငန်းနဲ့ သွေးတွင်းအချိုဓာတ် ကမောက်ကမဖြစ်တာကို ကာကွယ်ကြရအောင်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























