/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တခါက-ညများ

တခါက ညများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဒီတစ်ပတ် တာဝန်ကျသည့် အဆောင်ကို သိရတော့ သူငယ်ချင်းနှစ်ယောက် စိတ်ညစ်သွားသည်။

ဒီအဆောင်က အလုပ်တော့မရှုပ် ဒါပေမယ့် သူရဲခြောက်ရာတွင် နာမည်ကြီး။
တော်ရုံတန်ရုံ သရဲ မကြောက်တတ်သည့် ဆရာဝန်တွေတောင် လန့်ရသည့်နေရာ
ဒီလ ကံမကောင်းပါလား။

ပထမဆုံး ည...
ဒီီနေ့မှ လူနာကများ အလုပ်ကရှုပ် နှစ်ယောက်လုံးပြေးလွှားနေရတာနှင့် သရဲကြောက်ဖို့ပင် အချိန်မရ။
တောက်လျောက်ပြေးရင်းလွှားရင်း ည ၁၁ လောက်မှ အလုပ်ပါးသွားသည်။
အဲ့ဒီ အချိန်မှ အိမ်သာသွားဖို့ သတိရပြီး ဂျူတီခန်း အရှေ့တည့်တည့်က အိမ်သာကိုပြေးရတော့သည်။
ခဏအကြာ အပေါ်ပိုင်းလွတ်နေသော အိမ်သာတံခါးမှ အပြင်ဘက်တွင် ရပ်နေသော အရိပ်တစ်ခုတွေ့ရသည်။
သူငယ်ချင်းလဲ အလုပ်ပြီးပြီထင်တယ် "ဟဲ့နင်အလုပ်တွေ ပြီးပြီလား။ ဟိုလူနာ သွေးဖောက်ဖို့ မေ့နေဦးမယ်နော် "လို့ လှမ်းစကားပြောလိုက်သော်လည်း သူက ခပ်ချေချေ စကားပင်ပြန်မပြော "ငါကလဲ အိမ်သာထဲတောင် စကားများမိနေတယ်" ဟု ကိုယ့်အပြစ်ကိုယ်သိကာ တိတ်တိတ် နေလိုက်ရသည်။

အပြင်ရောက်တော့ သူမရှိတော့။
Ward ထဲထွက်လာမှ လူနာကုတင်နားတွင် ဆေးထိုးနေသည်ကို တွေ့ရသည်။
ဟဲ့ နင်အိမ်သာဝင်လို့ရပြီ ဆိုတော့ " ငါမဝင်ချင်ပါဘူး ဆေးထိုးလို့မပြီးသေးလို့ ဒီမှာ ရှုပ်ရှက်ခတ်နေတာကို" ဆိုတော့ "ခုနက ဘယ်သူပါလိမ့် အို ! လူနာစောင့်ဖြစ်မှာပေါ့ " ဟု ကိုယ့်ကိုယ်ကို ခပ်တည်တည်ညာလိုက်သော်လည်း ဘယ်လူနာစောင့်မှ အဲ့ဘက်မလာတတ်တာ ကိုယ့်ဘာသာသိနေသည်။
ထားလိုက်ပါတော့လေ။

မနက်နှစ်နာရီ အလုပ်ရှင်းသွားချိန် ခဏနားဖို့ အခန်းဘက်ကို ပြန်လာခဲ့ပါတယ်။
အခန်းတံခါး ဆွဲဖွင့်လိုက်ချိန်မှာတော့ မှောင်မဲနေသည့် အခန်းထဲတွင် တောက်ပနေသော မျက်လုံးစိမ်းကြီးကို မြင်လိုက်ရချိန်မှာတော့ နှစ်ယောက်သား မတိုင်ပင်ဘဲ တံခါးကို ပြန်ဆောင့်ပိတ်လိုက်ကြသည်။
"အာ့ ဘာကြီးလဲ မကြောက်နဲ့ဟာ ဒီတခါ နင်တံခါးဖွင့်တာနဲ့ ငါ ဓာတ်မီးနဲ့ ထိုးကြည့်မယ် "
တစ်ယောက်နဲ့ တစ်ယောက် အားပေးရင်း ဝုန်းကနဲ တံခါးဖွင့်ပြီး မီးထိုးလိုက်ချိန်မှာတော့ ခွီးကနဲ အော်သံနှင့်အတူ ဗုန်းကနဲ ပြတင်းတံခါး ပွင့်ထွက်သွားတော့သည်။ "ကြောင်နဲ့တူတယ်နော် အေးလေ ကြောင်ပဲဖြစ်မှာပေါ့ "ကိုယ်ယုံကြည်အောင် ကိုယ့်ဘာသာ အတည်ပြုပြီး နှစ်ယောက်သား ကုတင်ပေါ်လှဲလိုက်ကြသည်။

'ဒေါက် ဒေါက် 'ခဏတာ မှေးကနဲ အိပ်ပျော်သွားပြီး တံခါးခေါက်သံ အကြားမှာ ကျင့်သားရနေသော သဘောအရ ထထိုင်ပြီးဖြစ်နေသည် "လာပြီ" တံခါးကို ဖြတ်ခနဲ ဖွင့်ကြည့်လိုက်တော့ အပြင်မှာ တိတ်ဆိတ် ငြိမ်သက်လို့ ကြောင်တစ်ကောင်တောင် မရှိ။
ဒီလောက်ဆို သဘောပေါက်စွာ တံခါးပိတ်ပြီး ကုတင်ပေါ်ပြန်ထိုင်နေလိုက်သည်။
ဒေါက် ဒေါက် နောက်ထပ် တံခါးခေါက်သံ အကြားမှာတော့ အိပ်ပျော်နေသော သူငယ်ချင်းက နိုးလာကာ "ဟဲ့ တံခါးခေါက်နေတယ်လေ "ဟုဆိုကာ ထဖွင့်ဖို့ပြင်သည်။ သူ့ကို အတင်းဆွဲထားရင်း တံခါးကို လက်ညှိုး ထိုးပြလိုက်ရာ အပေါ်အောက် လွတ်နေသော တံခါးတွင် အပေါ်ဖက်က အရိပ်မြင်နေရသော်လည်း အောက်တွင် ဘာအရိပ်မှ မရှိ ဈာန်နှင့် ကြွလာသလား မသိ။
နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပြန်မအိပ်ရဲတော့။ ရွတ်လိုက်ရသည့် ဘုရားစာ။
အပြင်က ကျေးဇူးရှင်ကလဲ နား နားပြီးခေါက်နေသည်။
ကြာတော့ လူက အိပ်ချင်လာပြီ ဒေါသလဲထွက်လာသည် 'နေနှင့်ဦး ဒီသရဲ'
"ဟေ့ အပြင်က နားညည်းတယ် လာခေါက်မနေနဲ့ နောက်ထပ် တံခါးထပ်ခေါက်ရင် ဆေးထိုးပစ်လိုက်မယ်" တကယ်တော့ ကြောက်ကြောက်နဲ့ ပြောမိပြောရာပြောလိုက်ခြင်းသာ။
တိုက်ဆိုင်စွာဖြင့် ထိုအရိပ် ဖြတ်ခနဲ ပျောက်သွားပြီး တံခါးခေါက်သံ ထပ်ပေါ်မလာသောကြောင့် ခဏတာ အိပ်စက်ခွင့်ရလိုက်သည်။

မနက်ကျတော့ သူငယ်ချင်းက ပြောသေးသည်။
သူ့ခမျာ သေပြီးတာတောင် ဆေးထိုးခံရမှာ ကြောက်တုံးနော်တဲ့။

 

Khin Cho

www.drmyanmar.com