တင်ပဆုံကြွက်သား လေ့ကျင့်ခန်းများ
တင်ပဆုံကြွက်သား လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းဟာ ဆီးအိမ်၊ မိန်းမကိုယ်၊ ဆီးတံနဲ့ နောက်ကျောကြွက်သားတွေကို သန်မာစေနိုင်တာကြောင့် ဆီး၊ ဝမ်း မထိန်းနိုင်ခြင်းနဲ့ သားအိမ်ကျွံခြင်းတို့ကို ကာကွယ်ပေးနိုင်တဲ့အပြင် ကာမစပ်ယှက်ရာမှာလည်း အထောက်အကူပြုပါတယ်။ အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။
>> တင်ပဆုံကြွက်သားဆိုတာ ဘာလဲ?
အိမ်သာမှာ ဆီးသွားနေတုန်းတန်းလန်း ဆီးကို ရုတ်တရက် ရပ်လိုက်တဲ့အခါ တင်ပဆုံကြွက်သားတွေကို ခံစားမိမှာပါ။
>> တင်ပဆုံကြွက်သား လေ့ကျင့်ခန်း
တင်ပဆုံကြွက်သားတွေကို သန်မာစေဖို့ သက်သောင့်သက်သာထိုင်ပြီး ကြွက်သားတွေကို 10 ကြိမ်မှ 15 ကြိမ်အထိ ညှစ်ညှစ်ပေးပါ။ ဒီလိုညှစ်ထားတဲ့အချိန်မှာ အသက်ရှူအောင့်တာ၊ ဗိုက်၊ တင်ပါးနဲ့ ပေါင်ကြွက်သားတွေကိုပါ တင်းထားတာမျိုး မလုပ်ပါနဲ့။
တင်ပဆုံကြွက်သား လေ့ကျင့်ခန်းလုပ်တာ ကြာလာတဲ့အခါ စက္ကန့်အနည်းငယ်ကြာမျှ ညှစ်ထားပေးနိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ တစ်ပတ်ထက်တစ်ပတ် ပိုပိုပြီး အချိန်ထပ်တိုးနိုင်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံ မဖြစ်စေဖို့တော့ သတိထားပါ။ လေ့ကျင့်ခန်း တစ်ခုနဲ့တစ်ခုကြား အချိန်ခြားခြားပေးပါ။
လအနည်းငယ်ကြာ လုပ်မိတဲ့အခါ ပြောင်းလဲတိုးတက်မှုကို သတိထားမိလာမှာ ဖြစ်ပါတယ်။ ဒီလို စသတိထားမိလာတဲ့အခါမှာလည်း မပျက်မကွက် ဆက်တိုက်လုပ်ပေးသင့်ပါတယ်။
>> ကိုယ်ဝန်ဆောင်နဲ့ တင်ပဆုံကြွက်သား လေ့ကျင့်ခန်း
ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေသူတွေမှာဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်တွေမှာဖြစ်ဖြစ် ကလေးမွေးပြီး ဆီး၊ ဝမ်း မထိန်းနိုင် မဖြစ်ရလေအောင် တင်ပဆုံကြွက်သား လေ့ကျင့်ခန်းတွေ ပြုလုပ်သင့်ပါတယ်။
>> ကာမစပ်ယှက်ခြင်းနဲ့ တင်ပဆုံကြွက်သား လေ့ကျင့်ခန်း
တင်ပဆုံကြွက်သား လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အမျိုးသမီးတွေမှာ ကာမဆန္ဒကို တိုးစေနိုင်ပြီး အမျိုးသားတွေမှာ ပန်းသေ၊ ပန်းညှိုးခြင်းကို သက်သာစေနိုင်ပါတယ်။
Dr. Emerald (www.drmyanmar.com)






























