/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တင်ပါး-သို့-ခြေထောက်တစ်ဖက်-နာကျင်ကိုက်ခဲခြင်း-sciatica

တင်ပါး (သို့) ခြေထောက်တစ်ဖက် နာကျင်ကိုက်ခဲခြင်း (Sciatica)

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာ အရှည်ဆုံး၊ အကြီးဆုံးဖြစ်တဲ့ Sciatic Nerve လို့ ခေါ်တဲ့ အာရုံကြောတစ်ချောင်း ရှိပါတယ်။ ဒီအာရုံကြောက ကျောရိုးကနေ ထွက်လာပြီးတော့ တင်ပါးကို ဖြတ်ပြီး ခြေထောက်တစ်လျှောက် သွားပါတယ်။ ဒီအာရုံကြောတစ်လျှောက် နာကျင်မှု ခံစားရတာကို Sciatica လို့ ခေါ်ပါတယ်။

          ဒီအာရုံကြောနာတဲ့ လက္ခဏာတွေကတော့ -

1.       နာကျင်မှုက ခန္ဓာကိုယ်တစ်ဖက်ခြမ်းတည်းမှာရှိတဲ့ တင်ပါးနဲ့ ခြေထောက်တွေမှာပဲ ခံစားရပါတယ်။

2.       တင်ပါး တစ်ဖက်တည်းရဲ့ အတွင်းထဲကနေပြီးတော့ မျက်ခနဲ့၊ ထုံကျဉ်သလို ဖြစ်တတ်ပါတယ်။

3.       ခါးနာမယ်။

4.       တစ်ခါတလေ ခြေထောက်တစ်ဖက်တည်းမှာ ထုံကျဉ်တာ၊ ပင်အပ်တွေနဲ့ ထိုးနေသလိုမျိုး တဆစ်ဆစ် ခံစားရတာ၊ ဓာတ်လိုက်သလို ကျဉ်ခနဲ့ ဖြစ်သွားတာမျိုးတွေ ရှိတတ်ပါတယ်။

5.       ဒီအာရုံကြော နာတာက တစ်ခုခုနဲ့ ထိုးဆွဲသလို နာကျင်မှုမျိုးပါ။

6.       ဖြစ်တဲ့ခြေထောက်က အားနည်းနေတတ်ပါတယ်။

7.       မတ်တတ်ရပ်လိုက်တဲ့အချိန်၊ ထိုင်တဲ့အချိန်တွေမှာ နာတာ ပိုဆိုးပြီးတော့ လှဲပြီး အနားယူလိုက်ရင် သက်သာသွားလေ့ရှိပါတယ်။

          သာမန်နာကျင်တာကတော့ ရက်အနည်းငယ်ကြာရင် သူ့အလိုလို ပြန်ကောင်းသွားလေ့ ရှိပါတယ်။ တင်ပါးတွေ၊ ခြေထောက်တွေလည်း နာ၊ ခါးက နာတာကလည်း မပျောက်ဆိုရင်တော့ ဆရာ၀န် သွားပြသင့်ပါတယ်။ ခြေထောက်တစ်ဖက် သိသိသာသာ အားနည်းလာတာမျိုး၊ ဆီးတွေ ၀မ်းတွေ မထိန်းနိုင်တာမျိုးတွေ ဖြစ်လာရင်တော့ ဆေးရုံ၊ ဆေးခန်း ချက်ချင်းပြသင့်ပါတယ်။ ပြီးတော့ မတော်တဆ ထိခိုက်မှုဖြစ်ပြီး ရုတ်တရက် နာကျင်တာ၊ ဒီနာကျင်ကိုက်ခဲတာက မခံမရပ်နိုင်ဖြစ်ပြီး မသက်သာဘူးဆိုရင်လည်း ဆေးရုံ၊ ဆေးခန်း ချက်ချင်း သွားပြသင့်ပါတယ်။

 

>>    ဘယ်လိုကုသလို့ရလဲ?

●        နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ - ibuprofen, aspirin စတဲ့ အကိုက်အခဲပျောက်ဆေးတွေက ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့လည်း အရိုးကြားထဲက ချပ်ပြားလေး ကျွံထွက်လို့ဖြစ်တာ ဆိုရင်တော့လည်း ဒီဆေးတွေ သောက်လည်း ခဏနာတာ သက်သာသွားရုံကလွဲပြီးတော့ မထူးခြားပါဘူး။

●        လှုပ်လှုပ်ရှားရှားနေပါ - နာကျင်ကိုက်ခဲတာကို ထိန်းချုပ်နိုင်ပြီ ဆိုရင်တော့ အကြော အဆစ် ပြန်လည် သန်စွမ်းရေးကုထုံးတွေ၊ လေ့ကျင့်ခန်းတွေ ယူဖို့ ညွှန်ပါလိမ့်မယ်။ အကြာကြီး အိပ်ရာပေါ်မျာ လှဲပြီး နားနေတာက ခါးနာတာတွေ၊ အာရုံကြော နာတာတွေအတွက် မကောင်းပါဘူး။ ပထမပိုင်းမှာ ရက်အနည်းငယ် နားသင့်သလောက် နားဖို့လိုပြီး လိုအပ်တာထက် ပိုသွားရင်လည်း ကြွက်သားတွေကို အားနည်းသွားစေနိုင်ပါတယ်။

●        ကြွက်သား သန်မာစေသော လေ့ကျင့်ခန်းများနှင့် အကြောလျှော့ လေ့ကျင့်ခန်းများ ညင်ညင်သာသာလေး အကြောဆန့်ပေးတာကလည်း အရိုးတွေ ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။ ကြွက်သား သန်မာစေတဲ့ လေ့ကျင့်ခန်းတွေလည်း လိုပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ဟာကိုယ် ရမ်းသမ်း မလုပ်သင့်ပါဘူး။ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ လုပ်သင့်ပါတယ်။

●        နှိပ်နယ်ပေးခြင်း - သိပ္ပံနည်းကျ သက်သေပြချက်မရှိပေမယ့် တချို့တွေမှာ သက်သာတာကို တွေ့ရပါတယ်။

●        အရိုးကုထုံး

●        အကြော အဆစ် ပြန်လည်သန်စွမ်းရေး ကုထုံးများ

●        အပ်စိုက်ကုသခြင်း

●        အပူ (သို့) ရေခဲကပ်ခြင်း

●        TENS, PENS - အာရုံကြောကို လျှပ်စစ်ဓာတ်ဖြင့် လှုံ့ဆော်မှုပေးခြင်း

●        Steroids ဆေးထိုးခြင်း

●        ခွဲစိတ်ကုသခြင်း စသည်ဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ ကုသနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)