/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တင်းတိပ်တွေအကြောင်း-သောင်းပြောင်းထွေလာ

တင်းတိပ်တွေအကြောင်း သောင်းပြောင်းထွေလာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         တင်းတပ်ဆိုတာ အသက်ကြီးလာတာကြောင့်ရော၊ နေရောင်ဒဏ်ခံတာများလို့ရော ဖြစ်တတ်ပါတယ်။ ဘာမှ ဘေးမဖြစ်စေတတ်ပေမယ့် အတော်များများကတော့ အလှပျက်တယ်ဆိုပြီး စိတ်ညစ်တတ်ကြတယ်။

          တင်းတိပ်ဟာ ညိုညစ်ညစ်အရောင်ရှိပြီး မှဲ့ခြောက်တွေနဲ့ ဆင်တင်တင်ပါပဲ။

 

>>    ဘာကြောင့်တင်းတိပ်တွေ ပေါ်လာရသလဲဆိုရင် -

          အသားအရေကို နေရောင်ခြည်ယူဗီတွေကနေ ကာကွယ်ပေးထားတဲ့ မယ်လနင်ရောင်ခြယ်တွေ စုစုစည်းစည်း အများကြီး ထွက်လာတာကြောင့် ပေါ်လာတာပါ။

          များသောအားဖြင့် -

●        မျက်နှာ

●        လက်ခုံ

●        ပုခုံး

●        နောက်ကျော

●        လက်မောင်းတွေမှာ ဖြစ်တတ်တယ်။

          တစ်ခုချင်းစီ ဖြစ်နိုင်သလို အစုလိုက်လည်း ပေါ်တတ်တယ်။ တစ်ခုနဲ့တစ်ခု ပုံသဏ္ဌာန်၊ အရွယ်အစားတော့ မတူနိုင်ဘူး။ အသက် ၄၀ ကျော်တွေမှာ ပိုတွေ့ရတတ်ပေမယ့် နေရောင်ခံတာများတဲ့ လူငယ်တွေမှာလည်း ဖြစ်နိုင်ပါတယ်။

 

>>    ဆရာဝန်နဲ့သွားပြတဲ့အခါ -

        ဒီအတိုင်းကြည့်လည်း သိနိုင်သလို တစ်ခါတလေ အရေပြားကြည့်မှန်ပြောင်းနဲ့ ကြည့်ဖို့လိုတတ်တယ်။

          တစ်ခါတလေ Melanoma လို့ခေါ်တဲ့ မှဲ့ကင်ဆာနဲ့ ခွဲရခက်တတ်ပါတယ်။

          ဒီလိုအချိန်မျိုးမှာ အရေပြား အသားစယူပြီး စစ်ဆေးဖု့ိလိုတယ်။

 

>>    ကုသနိုင်တဲ့ နည်းလမ်းတွေကတော့ -

          ဘာအန္တရာယ်မှမရှိလို့ မကုလည်းရပေမယ့် ဆရာဝန်နဲ့ပြပြီး ကင်ဆာ ဟုတ်၊ မဟုတ်ကိုတော့ သေချာအောင် ခွဲဖို့လိုတယ်။

          အလှပျက်လု့ိ ပျောက်ချင်တယ်ဆိုရင်တော့ နည်းအမျိုးမျိုးရှိတယ်။

          လိမ်းဆေးတွေက အညိုကွက်ကို အရောင်ဖျော့သွားစေပေမယ့် မာကျူရီပါတဲ့ဆေးမျိုး မလိမ်းမိဖု့ိတော့ သတိထားပါ။

●        Retinoid ဗီတာမင်အေမျိုးနွယ်ဆေးတွေ

●        စတီးရွိုက်လိမ်းဆေးတွေ

●        hydroquinone ဆေးတွေ လိမ်းပေးလို့ရတယ်။

          တဖြည်းဖြည်းချင်း အရောင်ဖျော့သွားစေပေမယ့် တစ်ခါတလေ အရေပြားယားယံတာ စားတာတွေ ဖြစ်စေနိုင်တာကို သတိပြုရပါမယ်။

 

>>    တခြားနည်းတွေကတော့ -

●        နိုက်ထရိုဂျင် အရည်လိုမျိုးနဲ့ အကွက်ကို ဖျောက်တာ

●        လေဆာတွေ၊ အလင်းရောင် ကုထုံးတွေ

●        အရေပြား အပေါ်ယံလွှာကို ဖယ်ရှားတဲ့နည်းလမ်းတွေလည်း

          ရှိသေးတယ်။

          ဒီနည်းလမ်းတွေမှာလည်း သူ့ဆိုးကျိုးနဲ့သူရှိလို့ ကျွမ်းကျင်တဲ့ အရေပြား အလှအပဆရာဝန်နဲ့ လုပ်ဖို့လိုပါတယ်။

          ဒီနည်းတွေလုပ်ပြီးရင် နေရောင်ကို မခံနိုင်တာမို့ နေရောင်ကာကွယ်ဖို့ အရမ်းအရေးကြီးတယ်နော်။

 

>>    အိမ်တွင်းနည်းလမ်းတွေကတော့ -

●        ရှားစောင်းလက်ပတ်

●        ကြက်သွန်နီ အနီရောင်

●        သစ်ခွဆီ

●        azelaic အက်ဆစ်

●        ဗီတာမင်အီး

●        ဗီတာမင်စီ

●        AHA ဓာတ်

●        ကော့ပါးကလိုရိုဖိုင်လင်း

          ဒါတွေ လိမ်းပေးလို့ရတယ်။

          မဖြစ်ခင် ကာကွယ်တာကတော့ အကောင်းဆုံးပေါ့။

          နေရောင်ထဲထွက်ရင် နေရောင်ကာ ၃၀ ပါတဲ့ခရင်မ်ကို လိမ်းပေးပါ။ ရေစိုခံပြီး ခရမ်းလွန်ရောင်ခြည် အေရော ဘီပါ ကာကွယ်နိုင်ပါစေ။ အပြင်မထွက်ခင် မိနစ် ၃၀ လောက် ကြိုပြီး လိမ်းပေးပါ။

          ၂ နာရီခြားတစ်ခါ၊ ချွေးထွက်များပြီးချိန်၊ ရေစိုသွားချိန်တွေမှာ ပြန်လိမ်းပေးဖို့ လိုတယ်။

          ဦးထုပ်၊ လက်ရှည်၊ ဘောင်းဘီရှည်၊ နေကာမျက်မှန်တွေ ဆောင်သွားပေးဖို့ လိုတယ်။

          မနက် ၁၀ နာရီနဲ့ နေ့လယ် ၂ နာရီကြားဟာ အပူဆုံးအချိန်တွေဖြစ်လို့ ဖြစ်နိုင်ရင် အပြင်ထွက်တာ ရှောင်ပေးပါ။

          နှုတ်ခမ်းကိုလည်း နေရောင်ကာ ၃၀ နဲ့အထက်ပါတဲ့ အဆီလိမ်းပေးသင့်တယ်။

          နေရောင်ထဲကြာကြာ ကားမောင်းတာ၊ ပန်းပင်စိုက်တာမျိုးအတွက် လက်အိတ်ရှည် စွပ်ပေးပါ။

          ရေထဲ၊ နှင်းထဲ၊ သဲထဲသွားရင် သေချာဂရုစိုက်ပါ။

          နေရောင်ကာပေးနိုင်တဲ့ အဝတ်အစားတွေ ဝတ်ပေးနိုင်ရင် ပိုကောင်းတယ်။

 

>>    ဒီတင်းတိပ်တွေဟာ ကင်ဆာ ပြောင်းနိုင်သလား?

        တင်းတိပ်ဟာ ကင်ဆာ မဟုတ်ပါဘူး။ ကင်ဆာတစ်မျိုးနဲ့တော့ တူနေနိုင်တယ်။ ကွဲပြားမှုကို သိဖို့လိုတယ်။

          တခြားကြည့်ရမယ့် အချက်တွေကတော့ -

●        ပွတ်လိုက်ရင် နာတတ်တဲ့ အကွက်ကြမ်းကြမ်းတွေ

●        အဖတ်တွေ လန်နေတဲ့ အနီရောင်အကွက်တွေ

●        ကြွက်နု့ိလို အကွက်တွေ

          ဒီိလိုမျိုးတွေပါ သတိထားမိရင် ဆရာဝန်နဲ့ ပြဖို့ိလိုတယ်။

          အရေပြားမှာ တခြားမူမမှန် ပြောင်းလဲတာတွေကို သတိထားမိရင်လည်း ဆရာဝန်နဲ့ပြဖို့ လိုတယ်။ ကင်ဆာဆိုရင်လည်း စောစောသိ စောစောကုနိုင်ရင် အကောင်းဆုံးပေါ့။

Dr. Mya Phoo Ngon (www.drmyanmar.com)