တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ အမှားများ သင်ရော လုပ်မိနေသလား
(၁) မေးထောက်ခြင်း
သင့်အနေနဲ့ မျက်နှာကို လက်ဖြင့် ပွတ်မိတာမျိုး၊ မေးထောက်မိတာမျိုးကို သတိမထားမိဘဲ မကြာခဏ ပြုလုပ်နေမိပါသလား။
ဒီလိုပြုလုပ်မိတိုင်းမှာ ကျွန်မတို့ဟာ အညစ်အကြေးတွေကို မျက်နှာပေါ်သို့ ဖြန့်ဖြူးနေတာနဲ့ အတူတူပဲဆိုတာ သဘောပေါက်ရမှာပါ။
(၂) လေ့ကျင့်ခန်း ပြုလုပ်ပြီးချိန်တိုင်း မျက်နှာသစ်ခြင်း
Gym ကစားပြီးတာနဲ့ မျက်နှာသစ်လိုက်တာဟာ လန်းဆန်းစေသလို ချွေးတွေကိုပါ သန့်စင်ပြီးသားဖြစ်တယ်လို့ ထင်စရာပါပဲ။ ဒါပေမဲ့ ဒီလိုလုပ်ခြင်းဟာ ချွေး၊ အဆီနဲ့ အညစ်အကြေးတွေကို ချွေးပေါက်ထဲကို ပိုမိုတွန်းပို့သလို ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ လေ့ကျင့်ခန်းမပြုလုပ်ခင် မျက်နှာသစ်ထားတာပါပဲ။
(၃) လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် မဆေးခြင်း၊ မကြာခဏ လက်ဆေးတာမျိုး မပြုလုပ်ခြင်း
ပြောနေဖို့တောင် မလိုပါဘူး။ လက်ဆေးခြင်းက ရောဂါပိုးများစွာကို ကာကွယ်တဲ့နည်းလမ်းတစ်ခုဆိုတာ သိကြပြီး ဖြစ်ပါလိမ့်မယ်။ လက်ကို နည်းလမ်းကျစွာ ဆေးကြောပါ။
(၄) ရေချိုးခန်းသုံး ရေမြှုပ်များကို မလဲလှယ်ခြင်း
ရေချိုးရာတွင်သုံးတဲ့ ရေမြှုပ်တွေဟာ ပိုးမွှားတွေ ခိုအောင်းတဲ့နေရာတစ်ခု ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်လဲလှယ်ပေးသင့်တဲ့အပြင် မျက်နှာနဲ့ ထိတွေ့ခြင်းမျိုး မပြုလုပ်မိအောင် ရှောင်ကြဉ်သင့်ပါတယ်။
(၅) ပလုတ်ကျင်းဆေးရည်များ အလွန်အကျွံသုံးခြင်း
အယ်ကိုဟောဖြင့် အခြေခံပြီး ပြုလုပ်ထားတဲ့ ပလုတ်ကျင်းဆေးရည်တွေကို လိုတာထက်ပိုသုံးမယ်ဆိုရင် ပါးစပ်ခြောက်သွေ့ခြင်းကို ဖြစ်စေပြီး ထိုကနေတစ်ဆင့် ပိုးမွှားတွေ ပေါက်ပွားဖို့ အလားအလာများစေပါတယ်။
(၆) ဖုန်းကို အိမ်သာထဲ ယူသွားခြင်း
အိမ်သာတက်ချိန်မှာ ဖုန်းကိုပါ ယူသွားဖူးတယ် မဟုတ်လား။
အိမ်သာထဲက ပိုးမွှားတွေဟာ ဖုန်းမှာ ကပ်ပါလာပြီး သင် ဖုန်းပြောတဲ့အခါ သင့်မျက်နှာပေါ်သို့ ရောက်သွားနိုင်တယ်လို့ တွေးကြည့်ပါ။
(၇) လက်သည်းသန့်ရှင်းရေး မပြုလုပ်ခြင်း
လက်ကို မကြာခဏဆေးပေမယ့်လည်း လက်သည်းတွေကို မသန့်ရှင်းဘူးဆိုရင်တော့ အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေ ခိုအောင်းနေပြီး ရောဂါတွေဖြစ်ဖို့ အလားအလာများပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























