တစ်နေ့တခြား ဝဖြိုးလာပါသလား ... ဒါဆိုရင်တော့ အောက်ပါအချက်တွေ ရှိ၊ မရှိ ဆန်းစစ်ကြည့်ပါ
ကျန်းမာဝဖြိုး အလှတိုးတယ်လို့ ဆိုကြပေမယ့် မကျန်းမာတဲ့ အခြေအနေတွေကြောင့်လည်း ဝလာတတ်ပါတယ်။ ဒါကြောင့် အလိုလို ဝလာတယ်ဆိုရင် ဒီအချက်တွေ ရှိ၊ မရှိ မိမိကိုယ်ကို ဆန်းစစ်ကြည့်သင့်ပါတယ်။
(၁) သိုင်းရွိုက်ဟော်မုန်း အားနည်းခြင်း
သင့်လည်ပင်းအရှေ့ဘက်ရှိ သိုင်းရွိုက်ဂလင်းကနေ လုံလောက်တဲ့ သိုင်းရွိုက်ဟိုမုန်းကို မထုတ်ပေးနိုင်တဲ့အခါ ဝဖြိုးခြင်း၊ အသားအရေခြောက်ခြင်း၊ ပင်ပန်းခြင်း၊ ဝမ်းချုပ်ခြင်း၊ စိတ်ကျခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာမှာပါ။
(၂) စိတ်ကျရောဂါ
စိတ်ဓာတ်ကျတဲ့အခါ ကိုယ်ထဲမှာ stress ဟိုမုန်းလို့ခေါ်တဲ့ ကော်တီဇောတွေ များပြားစွာ ထွက်ပေါ်လာတတ်ပါတယ်။ ဒီလိုထွက်ပေါ်တဲ့အခါ ဝမ်းဗိုက်တစ်ဝိုက်မှာ အဆီတွေစုစေတဲ့အပြင် အစာတွေ ပိုမိုစားချင်စိတ်ဖြစ်စေလို့ ဝဖြိုးစေပါတယ်။
(၃) ညအိပ်မပျော်ခြင်း
တစ်ညကို ၆ နာရီလောက်သာ အိပ်စက်တဲ့သူတွေဟာ ၈ နာရီ အိပ်သူတွေထက်စာရင် ပိုမိုဝလာတတ်ပါတယ်။ အိပ်ရေးမဝတဲ့အခါ ကော်တီဇော်ဟိုမုန်းတွေ ပိုမိုထွက်လာတတ်ပြီး တစ်ချိန်လုံး ဗိုက်ဆာနေတာမို့ တစွတ်စွတ်စားရင်း ဝလာရတာ ဖြစ်ပါတယ်။
သွေးဆုံးချိန်ရောက်တဲ့အခါ ကိုယ်ထဲမှာ အီစတိုဂျင်ဟိုမုန်း နည်းပါးလာတဲ့အတွက် ဗိုက်နားတဝိုက်မှာ အဆီတွေစုလာပါတယ်။ သွေးဆုံးချိန်ဖြစ်လေ့ရှိတဲ့ အိပ်ရေးမဝခြင်းနဲ့ စိတ်ကျခြင်းတို့ကြောင့်လည်း ပိုမိုဝလာတတ်ပါတယ်။
(၄) နှလုံးအလုပ်မလုပ်သောရောဂါ
သင့်နှလုံးက သွေးညှစ်ခြင်း မပြုလုပ်နိုင်တော့တဲ့အခါမှာ တစ်နေ့ကို ၂-၃ ပေါင်ကနေ တစ်ပတ်ကို ၅ ပေါင်ထိ ဝိတ်တက်လာနိုင်ပါတယ်။
ဝရုံတင်မကပဲ ခြေထောက်နဲ့ ခြေကျင်းဝတ်များ ဖောခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း၊ အသက်ရှူခက်ခြင်း၊ သွေးပေါင်တက်ခြင်း၊ မှတ်ဉာဏ်လျော့ပါးခြင်းနဲ့ ခေါင်းရှုပ်ထွေးခြင်းတို့ပါ တွဲဖက်တွေ့ရပါတယ်။
(၅) ဆီးချိုရောဂါ
ဆီးချိုရောဂါရှိတဲ့အခါ သင့်ကိုယ်ခန္ဓာကနေ စွမ်းအင်တွေကို သိမ်းဆည်းဖို့ ပိုမိုလွယ်ကူစေပြီး ဝိတ်တက်လာစေပါတယ်။ ဒါကြောင့် ဆီးချို ဖြစ်ပေါ်တဲ့အခါ ဆရာဝန်နဲ့ပြသပြီး အစားအစာရှောင်တဲ့အပြင် လေ့ကျင့်ခန်းပါ တွဲဖက်ပြုလုပ်သင့်ပါတယ်။
(၆) စတီးရွိုက်များ သောက်ခြင်း
အဆစ်ရောင်ရောဂါနဲ့ ပန်းနာရင်ကြပ်သမားတွေ သောက်လေ့ရှိတဲ့ စတီးရွိုက်တွေကြောင့် အစားနဲ့ ပါးစပ် မပြတ်အောင် စားချင်စိတ်တွေ ဖြစ်လာတတ်ပြီး ဝဖြိုးလာတတ်ပါတယ်။
(၇) အချို့သောဆေးများ သောက်ခြင်း
သန္ဓေတားဆေးများသောက်ခြင်း၊ စိတ်ရောဂါဆေးများ၊ အတက်ရောဂါဆေးများနဲ့ သွေးကျဆေးအချို့ (beta blockers) များ သောက်သုံးသူများအနေနဲ့ ကိုယ်အလေးချိန် တိုးလာတာကို တွေ့ရမှာဖြစ်ပါတယ်။
အထက်ပါအချက်တွေ ရှိနေရင်တော့ ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ကုသမှုကို ခံယူပြီး ကိုယ်အလေးချိန် လျှော့ချဖို့ လိုပါမယ်။ ဒါ့အပြင် အစားလျှော့စားခြင်း၊ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းတို့ဖြင့်လည်း ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























