တစ်ရေးတစ်မောအိပ်ပြီးချိန်မှာ ဘာလို့ခေါင်းကိုက်ကိုက်နေရတာလဲ?
>> တစ်ရေးတစ်မောအိပ်လိုက်ရင် ပိုပြီးတော့ လန်းဆန်းတက်ကြွသွားရမှာမဟုတ်ဘူးလား?
ဒီလိုထင်ထားပေမယ့် တစ်ခါတစ်လေ ခေါင်းကိုက်ပြီး နိုးနိုးလာတတ်တယ်။ ဒီလိုခေါင်းကိုက်ရတာဟာ အကြောင်းရင်းတွေ ရှိတယ်နော်။ ဘာကြောင့်လဲဆိုတာသိမှ ပြင်လို့ရမှာပေါ့။
1. အသက်ရှူ ပြဿနာနဲ့ ဟောက်ခြင်း
အိပ်နေတုန်းဟောက်တတ်တာဟာ အသက်ရှူ ပြဿနာရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အိပ်ရေးမဝဘဲ နိုးလာချိန်ခေါင်းကိုက်နေတတ်တယ်။ အိပ်ရင်းအသက်ရှူ ရပ်ရပ်သွားတတ်သူတွေမှာ ဖြစ်တတ်တာများပါတယ်။ ဒီလိုလူတွေဟာ အိပ်နေရင်းအသက်ရှူ ရပ်ရပ်သွားတာ၊ ညဘက်ခဏခဏနိုးနေတတ်တာ၊ ညဘက်မှာချွေးစေးတွေပြန်လာတာ၊ နေ့လည်ဘက်မှာအိပ်ငိုက်ငိုက်နေတတ်တာတွေ ဖြစ်တတ်ကြပါတယ်။
2. သွားကြိတ်ခြင်း
အထူးသဖြင့် အိပ်နေချိန်မှာ သွားကြိတ်တတ်ရင် နိုးလာချိန်ခေါင်းကိုက်တတ်တယ်။
Bio Adult 1

3. ကိုယ်ဝန်ဆောင်ကာလ
ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ခမ်းခြောက်နေတာ၊ သွေးအချိုဓာတ်ကျနေတာ၊ ဖောရောင်နေတာနဲ့ ဟော်မုန်းတွေကြောင့် ပင်ပန်းနွမ်းနယ်လေ့ရှိတဲ့အချိန်မို့ နိုးလာချိန်မှာ ခေါင်းကိုက်နေတတ်တယ်။
4. အိပ်စက်ပုံမမှန်ခြင်း
အိပ်စက်ပုံမမှန်တဲ့အခါ ကောင်းကောငး်အိပ်ရေးမဝလို့ ခေါင်းကိုက်တတ်ပါတယ်။ ဒါကြောင့်သက်သောင့်သက်သာရှိမယ့် ခေါင်း အုံးမျိုးကို ရွေးအုံးပေးပါ။ ညဘက်အိပ်မပျော်လို့ နေ့လည်နေ့ခင်းတစ်ရေးတစ်မော ခဏတစ်ဖြုတ်လေးပဲ ပြန်အိပ်ရင်တောင်မှ ခေါင်းပြန်ကိုက်တတ်ပါတယ်။ အိပ်တာလွန်သွားရင်လည်း ခေါင်းကိုက်တတ်ပြန်ရော။ ဒါကြောင့် ပုံမှန်အိပ်ဖို့ အရေးကြီးတယ်။
>> ဒီလို အိပ်ရာကနိုးလို့ခေါင်းကိုက်ရင် ဘာလုပ်သင့်သလဲ?
ဘာကြောင့်ခေါင်းကိုက်တာလဲဆိုတာကို လိုက်ရှာပြီး ကုဖို့အရေးကြီးတာပေါ့။
♦ သွားကြိတ်တတ်တာကို ရောဂါကုထုံးတွေနဲ့ ကုသလို့ရသလို သွားထိန်းတပ်လို့ရတယ်။
♦ အိပ်နေရင်း အသက်ရှူ ရပ်တတ်တဲ့ပြဿနာကိုတော့ လူနေမှုပုံစံပြောင်းလဲတာ၊ အသက်ရှူစက်တပ် အိပ်တာမျိုး လုပ်လို့ရတယ်။
Bio Adult 2

လုပ်နိုင်တဲ့နည်းလမ်းတစ်ချို့ကို ပြောပြပါ့မယ်။
♦ ခေါင်းအုံးကောင်းကောင်းတစ်လုံးရှာဝယ်ပါ။
♦ ပြီးတော့ညဘက်မှာကဖိန်းဓာတ်များတာတွေကို မသောက်ပါနဲ့။
♦ နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပါ။
♦ နေ့လည်နေ့ခင်းအိပ်တာရှောင်ပါ။
♦ မအိပ်ခင်စိတ်ပြေလျော့စေမယ့်လေ့ကျင့်ခန်းတွေလုပ်ပေးပါ။
♦ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်ရင် ရေဓာတ်ပြည့်ဝအောင်နေပါ။ ပုံမှန်စားပေးပါ။ သွေးအချိုဓာတ်အတက်အကျမရှိအောင် ထိန်းပါ။ တစ်နေကုန်အိမ်တွင်းအောင်းမနေဘဲ လေကောင်းလေသန့်ရအောင်ကြိုးစားပါ။
ကိုယ်နဲ့ကိုက်ညီမယ့်နည်းလမ်းကိုရှာဖို့အရေးကြီးပါတယ်။ ဒီလိုနည်းလမ်တွေနဲ့မှ အဆင်မပြေရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါမယ်။ လန်းဆန်းသွားအောင် တစ်ရေးတစ်မောအိပ်တာ မလန်းဆန်းဘဲ ခေါင်းကိုက်လာတယ်ဆိုရင်တော့ သိပ်မဟုတ်သေးဘူးပေါ့။ ဘာကြောင့်ဖြစ်တာလဲဆိုတာ ရှာဖု့ိအရေးကြီးတယ်နော်။ ဒါကြောင့် နည်းလမ်းရှာမတွေ့ဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)






























