တနင်္ဂနွေညတွေမှာ သင်ခြေပစ်လက်ပစ် အိပ်သင့်ကြောင်း ထောက်ခံပေးတဲ့ အချက် (၆) ချက်
တစ်ပတ်လုံး ရုံးတက်၊ ကျောင်းတက်နေရသူများအဖို့ တနင်္ဂနွေနေ့ဟာ ဇိမ်အကျဆုံးနေ့ရက်ပဲ ဖြစ်ပါတယ်။ ထို့ပြင် အပေါင်းအသင်းများနဲ့ night out ထွက်ဖို့ အဆင်ပြေသောရက်ဆိုလည်း မမှားသလို သူငယ်ချင်းများနဲ့ ဈေးဝယ်ထွက်ပြီးအပြန် ရုပ်ရှင်ဝင်ကြည့်တာမျိုးလည်း ပြုလုပ်နိုင်တဲ့နေ့လေးပါပဲ။ ဒါပေမဲ့ ညနက်ထိ အပြင်မှာ ရှိနေတာထက်စာရင် ဒီလိုညမှာ စောစောအိပ်ခြင်းက သင့်ကျန်းမာရေးအတွက် ပိုကောင်းတယ်လို့ ပညာရှင်များ လေ့လာတွေ့ရှိထားပါတယ်။ ကဲ ... ဒါဆို Sunday ညမှ စောစောအိပ်ရာဝင်ခြင်းဖြင့် ဘယ်လိုကောင်းကျိုးတွေ ရနိုင်မလဲဆိုတာသိဖို့ ဆက်လက်ဖတ်ကြည့်ပေးပါ။
(၁) ခါးလေး ပိုသေးလာမယ်
ယေဘုယျအားဖြင့် နောက်ကျမှအိပ်လေလေ အစာတွေ ပိုမိုစားမိဖို့ အချိန်ရလေလေ ဖြစ်ပါတယ်။ ညနက်ထိ ရုပ်ရှင်ကြည့်ရင်း အင်တာနက်သုံးရင်းဖြင့် အစာနဲ့ဖျော်ရည်တွေ သောက်လေ့ရှိကြပါတယ်။ ဒါကြောင့် အားလပ်ရက်တွင် စောစောအိပ်ရာဝင်ခြင်းက သင့်ကို ပိုမိုသွယ်လျဖို့ ကူညီပေးပါလိမ့်မယ်။
(၂) ကင်ဆာဖြစ်နှုန်းကို လျှော့ချပေးတယ်
သင် သိပါသလား။ စောစောအိပ်ရာဝင်သူများထက်စာရင် နောက်ကျမှ အိပ်သူတွေက ကင်ဆာဖြစ်ဖို့ ရာနှုန်းများတယ်ဆိုတာ။ ညအိပ်ချိန်နည်းပါးသော အမျိုးသမီးများဟာ ရင်သားကင်ဆာ အဖြစ်များတာကို တွေ့ရှိရပါတယ်။
(၃) အိုမင်းရင့်ရော်ခြင်းဖြစ်စဉ်ကို နှေးကွေးစေတယ်
သင်နှစ်ခြိုက်စွာ အိပ်ပျော်နေချိန်မှာ ကြီးထွားမှုကို ဖြစ်စေသော ဟိုမုန်းများ ပိုမိုထွက်ပေါ်လာလေ့ရှိပါတယ်။ ထိုဟိုမုန်းများက ဆဲလ်သေများကို ဖယ်ရှားပေးတာမို့ ဆဲလ်သစ်များ မွေးဖွားနှုန်း မြန်စေပါတယ်။ ဒါကြောင့် ညဘက်ကို နှစ်ခြိုက်စွာ အိပ်ပျော်လေ့မရှိသူများဟာ ပိုမိုအိုမင်းလွယ်ကြပါတယ်။
(၄) သဘာဝအတိုင်း လှစေပါတယ်
ညဘက်အိပ်ရေးဝပါက မနက်မိုးလင်းရင် အသားအရေ စိုပြည်တင်းရင်းပြီး ပိုလှတာ မိန်းကလေးတိုင်း သိကြမှာပါ။ ထို့ပြင် အိပ်ရေးဝဝအိပ်ခြင်းဖြင့် မျက်ကွင်းညိုခြင်းနဲ့ အရေးအကြောင်းများဖြစ်ခြင်းကို ကာကွယ်နိုင်ပါသေးတယ်။ ဒါကြောင့် ညနက်တဲ့အထိ ဖုန်းသုံးနေမယ့်အစား စောစောအိပ်သင့်တယ်နော်။
(၅) တက်ကြွလန်းဆန်းတဲ့ မနက်ခင်းလေးကို ပိုင်ဆိုင်နိုင်တယ်
ညဘက်အိပ်ရေးမဝလို့ နောက်နေ့လုပ်ငန်းခွင်မှာ မတက်ကြွတဲ့ဖြစ်စဉ်မျိုး ပိုင်ဆိုင်ဖူးကြမှာပါ။ ဒါဆိုရင်တော့ လုပ်ငန်းခွင်မှာ အောင်မြင်ဖို့အတွက် ညဘက်စောစောအိပ်ပြီး အိပ်ရေးဝဖို့ ကြိုးစားနိုင်ပါတယ်။
(၆) ကောင်းမွန်သော နှလုံးကျန်းမာရေးအတွက်
စောစောအိပ်စက်ခြင်းဟာ နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ပညာရှင်တို့ရဲ့လေ့လာချက်အရ ညဘက်ညဥ့်နက်အထိ မအိပ်သူများက နှလုံးရောဂါဖြစ်ဖို့ အလားအလာများတယ်လို့ သိရပါတယ်။ ဒါကြောင့် စောစောအိပ်ဖို့ မဖြစ်မနေနီးပါး အရေးကြီးပါတယ်နော်။
တစ်ပတ်လုံး အလုပ်တွေ ရှုပ်နိုင်ပါတယ်။ ဒါပေမဲ့ သင့်ကျန်းမာရေးနဲ့ အလှအပအတွက် တနင်္ဂနွေညလေးကို စောစော အိပ်စက်လိုက်နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























