တန်ဖိုးရှိတဲ့အရိုးတွေ မပျက်စီးစေဖို့
1. အငန်များများစားတာကို ဆင်ခြင်ပါ။
အငန်တွေ အစားများလေလေ ခန္ဓာကိုယ်မှာ ကယ်လ်စီယမ်ဓာတ်တွေ များများပျက်စီးလေလေပဲ ဖြစ်ပါတယ်။ ပေါင်မုန့်၊ ဒိန်ခဲ၊ အာလူးကြော် စတဲ့ အစားအစာတွေမှာ အငန်ပါဝင်မှု များပါတယ်။ ဆားကို လုံးဝမစားရတာ မဟုတ်ပါဘူး။ တစ်နေ့လျှင် ဆား 2300 ဂရမ်အောက် စားနိုင်ပါတယ်။
2. နေရာမရွှေ့ထိုင်နေခြင်း
တစ်နေရာမှာ ထိုင်ပြီး အလုပ်လုပ်တာပဲဖြစ်ဖြစ်၊ တီဗီကြည့်နေတာပဲဖြစ်ဖြစ် အချိန်အရမ်းကြာလာပြီဆိုရင်တော့ အရိုးကျန်းမာရေးအတွက် မကောင်းပါဘူး။ လမ်းလျှောက်ခြင်းက ကျွန်ုပ်တို့ရဲ့ အရိုးငြမ်းအဖွဲ့အစည်းအတွက် အကောင်းဆုံးပါပဲ။
3. အိမ်ထဲမှာ (သို့) အရိပ်အောက်မှာပဲ အကြာကြီးနေခြင်း
နေအလင်းရောင်ရမှ ခန္ဓာကိုယ်က ဗီတာမင် D ကို ထုတ်လုပ်နိုင်တဲ့အတွက် နေရောင်ရအောင် အိမ်ပြင်ထွက်ဖို့ လိုပါတယ်။ တစ်ပတ်ကို 10 မိနစ်လောက်နဲ့ တစ်ပတ်ကို 3 ရက် နေရောင်ခံပေးဖို့ လိုပါတယ်။ နေရောင်ခံပေးသင့်တဲ့အချိန်ကတော့ မနက် 10 နာရီကနေ နေ့လယ် 3 နာရီကြား ဖြစ်ပါတယ်။ သတိထားရမှာကတော့ နေရောင်နဲ့ထိတွေ့မှုများရင်လည်း အရေပြားကင်ဆာ ဖြစ်တတ်တဲ့အတွက် အလွန်အကျွံတော့ မဖြစ်ပါစေနဲ့။
ကောက်ပဲသီးနှံ၊ သစ်သီးဖျော်ရည်၊ နို့ စတာတွေ စားပေးပါ။ ဗီတာမင် D ဆေးသောက်ဖို့ လို၊ မလို ဆရာဝန်နဲ့တိုင်ပင်ပါ။
Jointace 1
4. မိုင်ပေါင်းများစွာ စက်ဘီးစီးခြင်း
နားရက်တွေမှာ စက်ဘီး အကြားကြီးစီးခြင်းက နှလုံးနဲ့အဆုတ်တွေကို သန်မာလာစေပေမယ့် အရိုးအတွက်တော့ သိပ်မကောင်းပါဘူး။ ဒါက လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ တောင်တက်ခြင်းတွေလို အရိုး သန်မာစေမှာ မဟုတ်ပါဘူး။ စက်ဘီးစီးဖို့ အရမ်းစိတ်အားထက်သန်တယ်ဆိုရင်တော့ စက်ဘီးစီးတာအပြင် တင်းနစ်ရိုက်ခြင်း၊ တောင်တက်ခြင်း၊ ကခြင်း၊ ရေကူးခြင်း စတဲ့ လေ့ကျင့်ခန်းတွေပါ ရောပြီးလုပ်ပေးပါ။
5. အရက်သောက်ခြင်း
သူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အခါ အပျော်အနေနဲ့ အသောက်အစားတွေ ပါလာမှာပါ။ အရိုးဆုံးရှုံးမှုကို ကာကွယ်နိုင်ဖို့အတွက် အရက်သောက်တဲ့ပမာဏကို ကန့်သတ်ထားရပါမယ်။ အမျိုးသမီးတွေအတွက် တစ်နေ့တစ်ခွက်၊ အမျိုးသားတွေဆို တစ်နေ့နှစ်ခွက်ထက် ပိုမသောက်သင့်ပါဘူး။ အရက်က ကယ်လ်စီယမ် စုပ်ယူမှုကို ထိခိုက်စေပါတယ်။
6. အချိုရည် အလွန်အကျွံသောက်သုံးခြင်း
ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ စတဲ့ အချိုရည်တွေ အလွန်အကျွံသောက်သုံးခြင်းက အရိုးကို ထိခိုက်စေပါတယ်။ ဒီအချိုရည်တွေမှာ ပါဝင်တဲ့ ကဖင်းနဲ့ ဖော့စ်ဖရပ်ဓာတ်တွေက အရိုးပျက်စီးစေပါတယ်။ ဒါ့အပြင် နောက်တစ်ချက်ကတော့ ဒီအချိုရည်တွေ သောက်များတဲ့အတွက် ကယ်လ်စီယမ်ပါတဲ့ နို့နဲ့ အခြားဖျော်ရည်တွေကို မသောက်ဖြစ်တော့ပါဘူး။
Jointace 2
7. ဆေးလိပ်သောက်ခြင်း
ဆေးလိပ်ငွေ့တွေကို ပုံမှန်ရှူသွင်းခြင်းဖြင့် ကျန်းမာတဲ့အရိုးတွေ ဖြစ်ပေါ်မှုကို ထိခိုက်စေပါတယ်။ ဆေးလိပ်သောက်ချိန် ကြာလာတာနဲ့အမျှ ပိုဆိုးလာပါတယ်။ ဆေးလိပ်သောက်သူတွေမှာ အရိုးကျိုးလွယ်ပြီး အရိုးပြန်ဆက်ဖို့လည်း ပုံမှန်ထက်ပိုကြာပါတယ်။ ဒါပေမဲ့ ဆေးလိပ်ဖြတ်လိုက်ရင်တော့ ဒီပြဿနာတွေ လျော့ကျပြီး အရိုး ကျန်းမာလာစေနိုင်ပါတယ်။
8. ဆေးအကြာကြီး စွဲသောက်ခြင်း
အချို့သောဆေးဝါးတွေ အထူးသဖြင့် အချိန်ကြာမြင့်စွာ စွဲသောက်တဲ့အခါ အရိုးကို ထိခိုက်စေပါတယ်။ အတက်ကျဆေးအချို့နဲ့ prednisone, cortisone စတာတွေက အရိုးဆုံးရှုံးစေပါတယ်။
9. ပိန်လွန်းခြင်း
BMI 18.5 နဲ့အောက်ဆိုရင် အရိုးကျိုးလွယ်ပြီး အရိုးဆုံးရှုံးမှုများပါတယ်။ အရိုးသေးတဲ့သူတွေအတွက် လေ့ကျင့်ခန်း (weight bearing exercise) တွေ ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် ကယ်လ်စီယမ်များများ စားဖို့ လို၊ မလို ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဘာကြောင့် အရမ်းပိန်နေရတယ်ဆိုတာ မသိရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးစစ်ကြည့်ပါ။
10. အမြင့်မှပြုတ်ကျခြင်း
ကလေးတစ်ယောက် ပြုတ်ကျပြီး အရိုးကျိုးသွားရင် အရိုးပြန်ဆက်ဖို့ မြန်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ လိမ့်ကျခြင်း၊ ချော်လဲခြင်းတွေက အန္တရာယ် ပိုများလာပါတယ် (အထူးသဖြင့် အရိုးအားနည်းသူများတွင်)။ ကျိုးသွားတဲ့အရိုး ပြန်ဆက်ဖို့အတွက် အချိန်ကြာသလို လုံးဝပြန်မဆက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူကြီးတွေဆိုရင် လမ်းလျှောက်ရင် လက်ကိုင်ဘားတွေ၊ မချော်တဲ့နေရာတွေရွေးပြီး ဖြည်းဖြည်းလျှောက်ပါ။ လမ်းတစ်လျှောက် ခလုတ်တိုက်နိုင်တဲ့အရာတွေကို ရှင်းလင်းထားပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























