တရားခံ ဘယ်သူလဲ?
မိုးအေးအေးနှင့် ချမ်းစိမ့်တဲ့ ညဂျူတီတစ်ခု။
လူနာဆောင်တစ်ခုလုံးလည်း တိတ်ဆိတ််ငြိမ်သက်လျက်။ ချမ်းအေးအေးနှင့် ကွေးနေကြလေပြီ။ အလုပ်သင်ဆရာ၀န်ကျွန်မလည်း အလုပ်များပြီး၍ မောမောနှင့် စာအုပ်တစ်အုပ်၊ ကော်ဖီတစ်ခွက်ကို အဖော်ပြု၍ နားရန်ကြံစည်သည်။ ကျွန်မဧ။် စိတ်ကူးယဉ်အိပ်မက်ကား မပြည့်ချေ။ ဆေးရုံဝင်းထဲသို့ အရေးပေါ်လူနာတင်ကား တစ်ဝီဝီမြည်ကာ ဝင်လာသံကြောင့်ပင်။ ဝမ်းနည်းပက်လက်နှင့် ကော်ဖီခွက်လေးချ၊ နားကြပ်လေးကောက်ကိုင်ကာ လက်ထောက်ဆရာဝန်အစ်မနှင့်အတူ အရေးပေါ်လူနာစမ်းသပ်ခန်းသို့ လိုက်ခဲ့သည်။ လူနာတင်စင်ပေါ်တွင် ဖြူဖပ်ဖြူရော်နှင့် ပက်လက်ကလေးလှဲနေရှာသူမှာ ဆယ်ကျော်သက်မိန်းမငယ်တစ်ဦး။ သတိကားရတစ်ချက် မရတစ်ချက်နှင့်။ တစ်ကိုယ်လုံးလည်း ပူခြစ်တောက်ကာ တုန်ယင်နေသည်။ မိန်းမပျိုဧ။် ထဘီတစ်ထည်လုံးမှာလည်း သွေးချင်းချင်းနီနေသည်။ အတူပါလာသော အမေဖြစ်သူ ရိုးပုံရိုးလက်တောသူအဒေါ်ကြီးမှာ သမီးဇောနှင့် ယောက်ယက်ခက်နေရှာသည်။
ဖြစ်ပုံရာဇဝင်မေးမြန်းကာ လိုအပ်သော စမ်းသပ်စစ်ဆေးကုသမှုများ ချက်ချင်းလုပ်ရသည်။ သွေးဘဏ်ကိုဆက်သွယ်ကာ ချက်ချင်းသွေးသွင်းနိုင်ရန် ဆက်သွယ်ရသည်။ အမေကြီးအပြောအရ သမီးဖြစ်သူမှာ ညနေအလုပ်မှပြန်လာချိန်တွင် ဗိုက်အောင့်တယ်ဟုဆိုကာ အိပ်ရာစောစောဝင်သွားကြောင်း၊ ဆေးတိုက်ရန်အခန်းထဲဝင်ကြည့်ချိန်မှာ ချမ်းတုန်ကာ သွေးများရွှဲ၍လဲနေကြာင်း သိရသည်။ မိန်းမကိုယ်အောက်ပိုင်းကို စမ်းသပ်ကြည့်ချိန်တွင် အသားအစိုင်အခဲအပိုင်းအစများနှင့် နံဟောင်နေသော ပြည်ပုပ်များ သားအိမ်ခေါင်းတွင်းမှ ထွက်ကျလာလေသည်။ ဧကန္တ သားအိမ်တွင်းသို့ မသန့်သောပစ္စည်းများထည့်ကာ ကလေးဖျက်ချလာပြီထင်၏။ ထို့ကြောင့် သားအိမ်တွင်းသို့ပိုးဝင်ကာ တစ်ကိုယ်လုံး ပိုးဆိပ်ပြန့်နေခြင်းပင်။ တစ်ညလုံး သွေးပေါင်တိုင်း၊ သွေးဆင်းများမများစောင့်ကြည့်ရင်း မိုးအေးအေးထဲ ဇောချေွးပြန်ခဲ့ရသည်။ တောသူအမေကြီးမှာလည်း မျက်နှာညှိုးညှိုးနှင့် သမီးနဖူးပေါ် လက်ကလေးတင်ကာ တစ်ညလုံး ဘုရားစာသာတွင်တွင် ရွတ်နေရှာသည်။ လင်းအားကြီးကြက်တွန်သံကြားချိန်လောက်မှပင် လူနာမှာအဖျားကျကာ လန်းလန်းဆန်းဆန်း ဖြစ်လာလေသည်။
မိန်းကလေးအား အကြောင်းစုံကို မေးမြန်းရာ ခေါင်းတစ်ခါခါနှင့် ငို၍သာနေသည်။ ချော့တစ်ချီ ခြောက်တစ်လှည့် ချေွးဒီးဒီးကျအောင် မေးမြန်းတော့မှ မျက်ရည်စမ်းစမ်းနှင့် ပြောပြရှာသည်။ နယ်မြို့လေးတွင် အေးချမ်းစွာနေထိုင်ကြသော အမေတစ်ခုသမီးတစ်ခု နှစ်ကောင်ကြွက်သားအမိနှစ်ယောက်။ သမီးဖြစ်သူမှာ အတောင်စုံ၍ အပျံသင်စပြုလာသည်။ အခြားမြို့မှ စက်ရုံတွင်အလုပ်လာလုပ်သူ လူငယ်တစ်ဦးနှင့် အိုးချင်းထိ ကြိုးချင်းညိကြသည်။ ကောင်လေး၏ အတည်ယူပါမည် ဟူသောစကားကို ယုံမှတ်မှား၍ ဘ၀ကိုပုံအပ်လိုက်သည်။ ချစ်သူသက်တမ်း ငါးလအကြာ ကိုယ်ဝန်ရှိလာချိန်တွင် အိုင်တွေ့ခြေဆေးချင်သော ချစ်သူကောင်လေးကား မိဘထံခွင့်တောင်း၍ လာတောင်းရမ်းမည် ကတိပြု၍ နယ်ပြန်ရာမှ အဆက်အသွယ်ဖြတ်တောက်ပစ်လိုက်သည်။ အချစ်ကိုယုံကြည်မိုက်မဲသူ အချစ်သူရဲကောင်းမလေးမှာ ချစ်သူပေါ်လာနိုးနိုး စောင့်မျှော်ရင်း ဖုံးဖိမရချိန်ရောက်လာသည်။ နောက်ဆုံးကြံမိကြံရာ လက်သည်ထံတွင် ဗိုက်အနှိပ်ခံဆေးရိုးအထိုးခံ ဖျက်ချခဲ့ရာမှ သေကောင်ပေါင်းလဲ ဆေးရုံရောက်လာခြင်းပင်။ ရိုးရိုးအအ အမေကြီးမှာ အရိပ်တကြည့်ကြည့်ထားခဲ့ရသော သမီးကလေး၏ စကားများကြားသော် ရင်ထုမနာ ငိုကြီးချက်မ ဖြစ်ရှာလေပြီ။ အယုံလွယ်သူ၊ အသိပညာဗဟုသုတနည်းပါးသူ မိန်းမငယ်တစ်ဦး၏ မလှမပဇာတ်ကြောင်းလေးပင်။
နောက်တစ်ရက် လူနာအခြေအနေ ကောင်းမွန်တည်ငြိမ်လာသော် ခွဲခန်းဝင် သားအိမ်ခြစ်ရသည်။ ထိတ်လန့်စရာပင် သားအိမ်တစ်ခုလုံး ရစရာမရှိ ပျက်စီးနေလေပြီ။ မတတ်သာတော့ စုတ်တသပ်သပ်နှင့်သာ သားအိမ်ကိုပါ ခွဲထုတ်လိုက်ရသည်။ သြော်…အပျံသင်စမှာ အတောင်ကျိုးရလေခြင်း။ သားအမိနှစ်ယောက်လုံး သနားစဖွယ် မျက်ရည်စမ်းစမ်းနှင့်။ တစ်ခဏတာစိတ်သာယာမှုအတွက် ပေးဆပ်လိုက်ရသည်မှာ တစ်ဘဝစာပင်။ ဆေးရုံအချိန်မီရောက်၍သာ အသက်ရှင်ခွင့်ရသည်။ စိ်တ်မကောင်းဖြစ်မိရုံမှလွဲ၍ ဘာမှမတတ်နိုင်ခဲ့။
ကျောရရုံကြံသော ချစ်သူကောင်လေးကို အပြစ်တင်ရမည်လား၊ ရိုးအ၍ ချစ်သူစကား နားယောင်မိုက်မဲမိသော လူနာကောင်မလေးကို အပြစ်တင်ရမည်လား၊ မှားယွင်းအန္တရာယ်ရှိသော နည်းများနှင့် ဖျက်ချပေးသော လက်သည်ကိုပင် အပြစ်တင်ရမည်လား၊ ပြည်သူလူထုကြား မျိုးဆက်ပွားနှင့် သားဆက်ခြား ကျန်းမာရေးဗဟုသုတများကို တွင်တွင်ကျယ်ကျယ် မဟောပြောနိုင်သော ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းများကိုပင် အပြစ်တင်ရမည်လား၊ လားပေါင်းများစွာနှင့် ကျွန်မ၏ဂျူတီအထွက် အိမ်ပြန်လမ်းကား အတွေးများနှင့်လေးလံခဲ့ရလေသည်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























