တေးဂီတ၏ ကျန်းမာရေးအကျိုးများ
တေးဂီတဟာ စိတ်ကိုအပန်းပြေစေနိုင်ပြီး တက်ကြွလန်းဆန်းမှုကိုပေးစွမ်းနိုင်တဲ့အပြင် ကျန်းမာရေးအတွက်ဘယ်လို ဘယ်ပုံအကျိုးပြုနိုင်တယ်ဆိုတာကို လေ့လာကြည့်ကြရအောင်။
1. အာရုံကြောထိခိုက်မှုအား ကောင်းကျိုးပြုစေနိုင်ခြင်း
အော်တစ်ဇင်ရောဂါသည် ကလေးများအနေနဲ့ သီချင်းနားထောင်ခြင်း၊ သီဆိုခြင်းတို့ကို လုပ်ဆောင်ပေးပါက ၎င်းတို့အတွက် ပြောဆိုဖို့ခက်ခဲနေသော စကားလုံးများကို ရှင်းလင်းပီသစွာပြောဆိုနိုင်လာမှာဖြစ်သလို ပါကင်ဆန်ရောဂါနဲ့ လေဖြတ်ရောဂါသည်များအနေနဲ့လည်း တေးဂီတစည်းချက်များရဲ့လှုံ့ဆော်မှုကြောင့် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင်ထိန်းနိုင်တဲ့ခံစားမှုကို ရရှိနိုင်မှာဖြစ်ပါတယ်။
2. အကြားအာရုံချို့ယွင်းမှုကို ကာကွယ်ပေးနိုင်ခြင်း
ပုံမှန်သီချင်းနားထောင်သူတွေဟာ သီချင်းနားထောင်လေ့မရှိသူတွေထက် ကြားနိုင်စွမ်းရည်ပိုမြင့်မားတာကြောင့် ဂီတဟာ အကြားအာရုံချို့ယွင်းမှုကို ကာကွယ်ပေးနိုင်တယ်ဆိုတာ သိသာတဲ့အချက်တစ်ခုဖြစ်ပါတယ်။ အသံအကျယ်ကြီး နားထောင်တာကိုတော့ ရှောင်ရပါမယ်။
3. နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း
တေးဂီတဟာ သွေးဖိအားလျော့ချပေးနိုင်ခြင်း၊ နှလုံးခုန်နှုန်းနှေးစေခြင်း၊ နှလုံးထိခိုက်ခံရသူလူနာများတွင် စိုးရိမ်ပူပန်စိတ်ကို လျော့ကျစေနိုင်ခြင်းတို့အပြင် သွေးလည်ပတ်မှုကောင်းစေခြင်း၊ နှလုံးသွေးကြောများကို ကျယ်စေခြင်း စတဲ့အကျိုးကျေးဇူးများကို ပေးနိုင်စွမ်းရှိပါတယ်။
4. အားကစားစွမ်းရည်မြှင့်တင်ပေးနိုင်ခြင်း
အားကစားလေ့ကျင့်နေချိန်တွင် သီချင်းနားထောင်ခြင်းကြောင့် အားကစားလေ့ကျင့်မှုစွမ်းရည်ကို 20 ရာခိုင်နှုန်း တိုးတက်လာစေနိုင်မှာဖြစ်ပါတယ်။
5. ေဝါဟာရကြွယ်စေခြင်း
တေးဂီတနဲ့သက်ဆိုင်တဲ့စွမ်းရည်များကို လေ့လာထားသူတွေအနေနဲ့ လေ့လာမှုမရှိသူတွေထက် စကားလုံးေဝါဟာရကြွယ်၀ခြင်း၊ စာဖတ်စွမ်းရည် ပိုမိုတိုးတက်စေခြင်းစတဲ့ အကျိုးကျေးဇူးများရရှိနိုင်မှာဖြစ်ပါတယ်။
6. ၀ိုင်အရသာပိုစေခြင်း
တေးဂီတနားဆင်လျက် ၀ိုင်သောက်ပါက စိတ်ကြည်နူူးမှုရရှိစေနိုင်ရုံသာမက ၀ိုင်အရသာကိုလည်း ပိုမိုထူးကဲစေနိုင်ပါတယ်။
7. မှတ်ဉာဏ်ချို့ယွင်းမှုကို ကုသပေးနိုင်ခြင်း
မှတ်ဉာဏ်ချို့ယွင်းနေသူများကို ၎င်းတို့အကြိုက်နှစ်သက်ဆုံးဖြစ်ခဲ့ဖူးတဲ့ သီချင်းများအား နားထောင်စေခြင်းဖြင့် အတိတ်ကအကြောင်းအရာနဲ့ပတ်သက်တဲ့ မေးခွန်းများကို ပြန်လည်ဖြေဆိုနိုင်လာကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
Mg Hlaing Thwin






























