တံတွေး၏အကျိုးကျေးဇူးများ
တံတွေးဆိုတာ ကျွနု်ပ်တို့ပါးစပ်ထဲက နေ့စဉ်ထွက်နေတဲ့အရည်တစ်မျိုးဖြစ်ပြီး ရေဓာတ်အများစုနဲ့ ဓာတုပစ္စည်းအနည်းငယ်ပါဝင်ပါတယ်။ ပါးရဲ့တစ်ဖက်တစ်ချက်အတွင်းဘက်အောက်ခြေနား မေးရိုးရဲ့အောက်မှာ တံတွေးဂလင်းနှစ်ခုရှိပြီး ဒီဂလင်းနှစ်ခုကမှ တံတွေးတစ်နေ့ကို 1-2 လီတာခန့်ထုတ်ပေးပါတယ်။
တံတွေးဟာအကြောင်းအမျိုးမျိုးကြောင့် အဖိုးတန်တဲ့အရာဖြစ်ပါတယ်။ ကျွနု်ပ်တို့အစာစားတဲ့အခါ အစာကိုစိုစွတ်အောင်ပြုလုပ်ပေးပြီး မြိုချရလွယ်ကူစေပါတယ်။ တံတွေးသာမရှိဘူးဆိုရင် ခြောက်သွေ့တဲ့ အစာတွေစားတဲ့အခါ အာခေါင်ကပ်ပြီး မြိုချရခက်နေမှာပါ။ တံတွေးက လျှာရဲ့အရသာခံနိုင်စွမ်း ကိုလည်း ကောင်းမွန်စေပါတယ်။ ခြောက်သွေ့နေတဲ့လျှာက အရသာမခံနိုင်ပါဘူး။ ဒါကြောင့် လျှာစိုစွတ်စေဖို့ တံတွေးလိုပါတယ်။
တံတွေးက အစာခြေတဲ့လုပ်ငန်းကိုလည်း အထောက်အကူပြုပါတယ်။ အစားအစာတွေ အစာအိမ်ထဲမရောက်မီ ပါးစပ်ထဲမှာကတည်းက တံတွေးထဲပါဝင်တဲ့ ဓာတ်ကူပစ္စည်းတွေက ဖြိုခွဲလိုက်ပါတယ်။ အစားအစာများကို ဝါးပြီး တံတွေးနဲ့စိုစွတ်စေခြင်းဖြင့် လည်ချောင်းဆီကို ပိုမိုလွယ်ကူစွာရောက် သွားစေနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ တံတွေးက ခံတွင်းနဲ့သွားကို သန့်ရှင်းစေပါတယ်။ တံတွေးထဲမှာရှိတဲ့ ဓာတ်ကူပစ္စည်းတစ်မျိုးက ခံတွင်းပိုးတွေကိုတိုက်ထုတ်ဖို့ အထောက်အကူဖြစ်စေပါတယ်။
Dr. Mya Myo Myo Swe






























