ထန်းလျက်စားကြသူများ
မြန်မာလူမျိုးအများစုက ထမင်းစားပြီးချိန် ထန်းလျက်ခဲလေး မြုံ့ရတာကို ကြိုက်တတ်ကြပါတယ်။ နေ့လယ်စာ စားပြီးချိန်မှာ ရေနွေးကြမ်းနဲ့ ထန်းလျက်လေး စားလိုက်ရမှ ကျေနပ်ကြသူတွေလည်း ရှိပါတယ်။
ထန်းလျက်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ -
1. ထန်းလျက်ဟာ ခန္ဓာကိုယ်တွင်း အစာချေအင်ဇိုင်းကို များစေနိုင်တဲ့အတွက် အစာချေဖျက်ခြင်းကို အားပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
2. ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို နှင်ထုတ်ပြေလျော့စေခြင်းဖြင့် အသည်းကိုလည်း သန့်စင်ပေးနိုင်ပါတယ်။
3. ထန်းလျက်မှာ ဇင့်၊ ဆီလီနီယမ် အစရှိတဲ့ သတ္တုဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အတွက် အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေနိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေကို တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တာကြောင့် ရောဂါပိုးမွှားများ မဝင်နိုင်အောင်လည်း ကာကွယ်ပေးပါသေးတယ်။
4. တစ်နေ့ ထန်းလျက်တစ်ခဲ စားပေးခြင်းဖြင့် ရာသီမလာခင် လက္ခဏာရပ်များဖြစ်တဲ့ စိတ်ဓာတ် အတက်အကျမြန်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။
5. ထန်းလျက်ဟာ သဘာဝအချိုဓာတ်ကို ပေးနိုင်ပြီး အချိန်အတော်ကြာအောင် စွမ်းအင်ထုတ်ပေးနိုင်ပါတယ်။ စက်ရုံထုတ် ပျားရည်များတောင်မှ အာဟာရပြည့်ဝအောင် မပါဝင်တော့တဲ့အတွက် ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ဆိုနေချိန်မှာ ထန်းလျက်ကတော့ အာဟာရဓာတ်အပြည့် ဖြစ်ပါတယ်။
ဒါပေမဲ့ ကယ်လိုရီ 4kcal/gram အထိ ပါဝင်တဲ့အတွက် များတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် အသင့်အတင့်မျှသာ စားသင့်ပါတယ်။ ဆီးချိုရှိသူတွေနဲ့ ကိုယ်အလေးချိန် လျှော့ချနေသူတွေမှာ ကိုယ်အလေးချိန် တက်စေပြီး သွေးတွင်းအချိုဓာတ် တက်စေနိုင်တဲ့ ထန်းလျက်ကို သတိထားပြီး စားသုံးသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























