/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ထိပ်ကပ်နာအကြောင်း-သိကောင်းစရာ

ထိပ်ကပ်နာအကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခဏခဏ နှာချေ နှာရည်ယိုနေတဲ့ ထိပ်ကပ်နာဆိုတာ နှစ်စဉ်နှစ်တိုင်း ဒီလိုအချိန်မျိုးမှာ ဖြစ်နေကျပြဿနာတစ်ခုပေါ့။ အင်မတန်ခံရခက်တဲ့ ထိပ်ကပ်နာရောဂါအကြောင်းကို သေချာသိအောင် ပြောပြပါ့မယ်နော်။

          မျက်နှာရိုးတွေကြားထဲမှာ နှာခေါင်းနဲ့ ဆက်သွယ်ထားတဲ့ လေလမ်းကြောင်းလေးတွေ ရှိပါတယ်။ ဒီလေပေါက်တွေဟာ အသံတုန်ခါမှုကို ဖြစ်စေနိုင်သလို ခေါင်းခွံကြီး လေးလံမနေအောင်လည်း အလေးဖော့ပေးထားတာပေါ့။

 

>>    ထိပ်ကပ်နာဆိုတာ ...

          ဦးခေါင်းခွံတွင်း လေပေါက်တွေကို ဝန်းရံထားတဲ့ အမြှေးပါးလေးတွေ ရောင်ရမ်းတဲ့အခါ၊ ပိုးဝင်တဲ့အခါ ထိပ်ကပ်နာ ဖြစ်တော့တာပါပဲ။ နှစ်စဉ်နှစ်တိုင်း အမေရိကန်လူမျိုး ၈ ယောက်မှာ ၁ ယောက်နှုန်းလောက် ထိပ်ကပ်နာ ဖြစ်တတ်ကြတယ်လို့ အမေရိကန်စာစောင်တစ်ခုက ဖော်ပြထားပါတယ်။ အရေအတွက် မနည်းလှပါဘူး။ တွက်ကြည့်ရင် တစ်နှစ်ကို လူ ၃၅ သန်းလောက်နှုန်းပါ။

 

>>    ဘာကြောင့် ထိပ်ကပ်နာဖြစ်ရတာလဲ?

          ဓာတ်မတည့်ခြင်း၊ ဗိုင်းရပ်စ်ပိုးတွေနဲ့ ဘက်တီးရီးယားပိုးတွေက တရားခံပါပဲ။ ဒါတွေဖြစ်တဲ့အခါ အချွဲထွက်နှုန်း ပိုများလာတော့တာပါပဲ။ ထွက်လာတဲ့အချွဲတွေဟာ လေပေါက်တွေထဲ စုပုံလာပြီး လေပေါက်ဖိအားများတာ၊ နှာပိတ်တာ၊ နှာရည်တောက်တောက်ကျတာ၊ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာ၊ နုံးချိနေတာတွေ ဖြစ်လာတော့တာပါပဲ။ ထိပ်ကပ်နာ အရမ်းဆိုးတဲ့အခါ ဖျားနာပြီး ဝါဝါပျစ်ပျစ် နှာရည်နံနံကြီးတွေပါ ထွက်တာတွေအထိ ဖြစ်တတ်တယ်နော်။

 

>>    ကုသနည်းတွေက ...

          ထိပ်ကပ်နာရောဂါတွေရဲ့ ၂% လောက်ကသာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာပါတဲ့။ ဒါကြောင့် ၂% မှာသာ ပိုးသတ်ဆေးသောက်ပြီး ပျောက်ကင်းနိုင်ပါတယ်။ များသောအားဖြင့် ၁၀ ရက်လောက်တောင် မကြာရင်၊ မဖျားရင်၊ လေပေါက်နာကျင်တာမရှိရင်၊ ပြည်တွေထွက်တာမျိုး မရှိရင် နှာစေးပျောက်ဆေး သောက်တာ၊ နှာခေါင်းစတီးရွိုက်ဖြန်းဆေး ဖြန်းတာ၊ အကိုက်အခဲပျောက်ဆေးတွေသောက်တာ၊ နှာခေါင်း ဆားရည်နဲ့ဆေးတာမျိုးတွေလောက်နဲ့ သက်သာနိုင်ပါတယ်။ ထိပ်ကပ်နာ အရမ်းဆိုးရင်ပဲဖြစ်ဖြစ်၊ နာတာရှည်ဖြစ်လာရင်ပဲဖြစ်ဖြစ် စတီးရွိုက်သောက်ဆေး သောက်ပေးလို့ရပါတယ်။ ဓာတ်မတည့်လို့ ထိပ်ကပ်နာဖြစ်ခဲ့ရင် antihistamine ဆေး ထည့်သောက်ပေးနိုင်ပါတယ်။

 

>>    ထိပ်ကပ်နာကို ကာကွယ်ဖို့ ...

          အအေးမိတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေနဲ့ မထိတွေ့မိအောင် လက်ကို မကြာမကြာ ဆေးကြောပေးဖို့ လိုပါတယ်။

          ဒါ့အပြင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်တွေက နှာခေါင်းဆားရည်ဖြန်းဆေးကို မကြာမကြာသုံးပေးဖို့ ပြောပါတယ်။ နှာခေါင်းတွင်းရှိ ပိုးမွှားအမှိုက်သရိုက်တွေကို ဖယ်ရှားပေးတဲ့ အမျှင်လေးတွေဟာ စိုစွတ်တဲ့ပတ်ဝန်းကျင်မှာဆို ကောင်းကောင်း ပိုလုပ်နိုင်ပါသတဲ့။

          ဒါ့အပြင် အအေးမိလက္ခဏာတွေ စဖြစ်တာနဲ့ နှာဆေးပျောက်ဆေးတွေ သောက်ပေးခြင်းအားဖြင့် အချွဲတွေကို ပိုးမဝင်ခင်မှာ ဖယ်ရှားပေးနိုင်တာပေါ့။

          ဓာတ်မတည့်လို့ ဖြစ်တဲ့သူတွေမှာတော့ antihistamine ဆေးလေး သောက်ပေးရင် သက်သာပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)