ထောင့်သန်းရောဂါ
ထောင့်သန်းရောဂါဟာ Bacillus anthracis လို့ခေါ်တဲ့ မြေကြီးထဲမှာနေတဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ ရောဂါပိုးမွှားလက်နက်အနေနဲ့ အမေရိကန်နိုင်ငံကို စာအိတ်ကတစ်ဆင့် ပေးပို့ခြင်းခံခဲ့ရပြီး လူ ၅ ယောက်သေဆုံးကာ ၁၇ ယောက် နာမကျန်းဖြစ်ခဲ့ရတာကြောင့် ပိုပြီးသတိထားမိလာကြပါတယ်။
>> ဘာကြောင့် ထောင့်သန်းရောဂါ ဖြစ်ရသလဲ?
ထောင့်သန်းရောဂါဟာ လူတွေမှာထက် တိရစာၦန်တွေမှာ ပိုဖြစ်တတ်ပြီး လူတွေမှာတော့ ထောင့်သန်းရှိတဲ့ တိရစာၦန်တွေနဲ့ ထိတွေ့မိခြင်း၊ ပိုးကို ရှူရှိုက်မိခြင်း၊ ပိုးပါတဲ့အသားကို မကျက်တကျက် စားမိခြင်းနဲ့ ရောဂါပိုးမွှားကို လက်နက်သဖွယ် အသုံးပြုခြင်းတွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။
>> ဘယ်သူတွေ ထောင့်သန်းနာ ဖြစ်တတ်ကြသလဲ?
● ထောင့်သန်းရောဂါပိုးကို လေ့လာသူပညာရှင်တွေ
● တိရစာၦန်ဆေးကုဆရာဝန်တွေ
● ထောင့်သန်းအဖြစ်များတဲ့နေရာဒေသက တိရစာၦန်နဲ့ အထိအတွေ့များသူတွေ
● ထောင့်သန်းအဖြစ်များတဲ့နေရာဒေသမှာ တာဝန်ကျနေတဲ့ စစ်သားတွေ
>> ရောဂါလက္ခဏာများ
ရောဂါထိတွေ့မိတဲ့ပုံစံပေါ် မူတည်ပြီး ရောဂါလက္ခဏာ ကွဲပြားနိုင်ပါတယ်။
● အရေပြားနဲ့ ထိတွေ့ခြင်း
ထောင့်သန်းပိုးနဲ့ ထိတွေ့မိတဲ့အခါ အနာဖုတက်လာပြီး ယားတဲ့အတွက် အင်းဆက်ပိုး ကိုက်တာနဲ့ တူတတ်ပါတယ်။ ဒီအနာကနေ အရည်ကြည်ဖု၊ ဒီကနေ အလယ်မှာ မည်းနေတဲ့အနာကြီး ဖြစ်လာပါတယ်။ နာတော့မနာတတ်ပါဘူး။ ထိတွေ့မိပြီး ၁ ရက်ကနေ ၅ ရက်အတွင်းမှာ ဖြစ်တတ်ပါတယ်။
● စားမိခြင်း
ထောင့်သန်းရောဂါပိုးပါတဲ့ မကျက်တကျက်အသားကို စားမိတဲ့အခါ တစ်ပတ်အတွင်း လက္ခဏာပြတတ်ပါတယ်။
○ ပျို့ခြင်း
○ အစားအသောက်ပျက်ခြင်း
○ ဖျားခြင်း
○ လည်ပင်းအကျိတ်
○ သွေးဝမ်းသွားခြင်း
○ ဗိုက်အရမ်းအောင့်ခြင်း
● ရှူရှိုက်မိခြင်း
ထောင့်သန်းပိုးကို ရှူရှိုက်မိတဲ့အခါ ၂ ရက်လောက်နဲ့ ရောဂါလက္ခဏာပြနိုင်သလို ၄၅ ရက်လောက်မှ ပြတတ်တာလည်း ရှိပါတယ်။ ပျမ်းမျှပြောရရင် တစ်ပတ်လောက်မှာ ပြတတ်ပါတယ်။
○ အအေးမိလက္ခဏာများ
○ လည်ချောင်းနာခြင်း
○ ဖျားခြင်း
○ ကြွက်သားနာခြင်း
○ ချောင်းဆိုးခြင်း
○ မောခြင်း
○ နုံးခြင်း
○ တုန်နေခြင်း
○ ချမ်းခြင်း
○ အန်ခြင်း စတဲ့လက္ခဏာတွေ ဖြစ်တတ်ပါတယ်။
>> ထောင့်သန်းရောဂါကို ဘယ်လိုသိနိုင်မလဲ?
● သွေးစစ်ခြင်း
● အရေပြား စစ်ဆေးခြင်း
● ဝမ်းစစ်ခြင်း
● ခါးဆစ်ရိုးဖောက်ပြီး ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကို ဝန်းရံထားတဲ့အရည် အနည်းငယ်ကို စစ်ဆေးခြင်း
● ရင်ဘတ်ဓာတ်မှန်
● ကွန်ပျူတာဓာတ်မှန် CT scan
● အူမှန်ပြောင်းကြည့်ခြင်း
စတဲ့ စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။
ထောင့်သန်းပိုးကို တွေ့ခဲ့ရင် လူထုကာကွယ်ရေးနဲ့ ကုသရေးဌာနကို သတင်းပေးပို့ရပါမယ်။
>> ဘယ်လိုကုသနိုင်သလဲ?
ရောဂါလက္ခဏာ ပြ၊ မပြပေါ်မှာ မူတည်ပါတယ်။
ထောင့်သန်းပိုးနဲ့ ထိတွေ့မိပြီး ရောဂါလက္ခဏာမပြခဲ့ရင် ပိုးသတ်ဆေးနဲ့ ထောင့်သန်း ကာကွယ်ဆေး ထိုးပြီး ကာကွယ်ရပါမယ်။
ထောင့်သန်းပိုးနဲ့ ထိတွေ့မိပြီး ရောဂါလက္ခဏာရှိသူတွေမှာတော့ ပိုးသတ်ဆေးကို ရက်ပေါင်း ၆၀ တိုင်အောင် သောက်ရပါမယ်။
>> ထောင့်သန်းပိုးကြောင့် ဘာတွေဖြစ်လာနိုင်သလဲ?
စောစောသိခဲ့ရင် ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ပြဿနာတစ်ရပ်က ကုသဖို့ နောက်ကျတဲ့အချိန်မှ ရောက်ရောက်လာတတ်တာပါ။ မကုသဘဲထားခဲ့ရင် အရေပြားထောင့်သန်းကြောင့် သေနှုန်း ၂၀% ၊ အစာအိမ်အူလမ်းကြောင်း ထောင့်သန်းကြောင့် သေနှုန်း ၂၅-၆၀% ၊ အသက်ရှူလမ်းကြောင်း ထောင့်သန်းကြောင့် သေနှုန်း ၇၅% ရှိပါတယ်။
>> ဘယ်လိုကာကွယ်နိုင်မလဲ?
ထောင့်သန်းကာကွယ်ဆေး ထိုးထားနိုင်ပါတယ်။
FDA က အသိအမှတ်ပြုထားတဲ့ ထောင့်သန်းကာကွယ်ဆေးကတော့ BioThrax ကာကွယ်ဆေးပဲ ဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့ ရောဂါကူးစက်နိုင်ခြေရှိသူတွေ ထိုးသင့်ပါတယ်။ နှစ်ကြိမ် ထိုးပြီးနောက်မှာ ၉၁% ထိ ကာကွယ်နိုင်တယ်လို့ သိရပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























