/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဒါတွေဖြစ်နေရင်-ဘယ်လိုအိပ်မလဲ

ဒါတွေဖြစ်နေရင် ဘယ်လိုအိပ်မလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. ခါးနာခြင်း

        ခါးနာရောဂါသက်သာစေမယ့် လျှို့ဝှက်ချက်ကတော့ အာရုံကြောကျောရိုးမကြီးကို သူ့ရဲ့သဘာဝပုံစံအတိုင်း ကွေးနေစေခြင်းဖြစ်ပါတယ်။ အကောင်းဆုံးပုံစံမှာ ခါးအောက်ပိုင်းကိုခေါင်းပက်လက်လှန်၍ သော်လည်းကောင်း၊ ဘေးစောင်း၍သော်လည်းကောင်း အိပ်စက်သင့်ပါတယ်။ တစ်ခါတစ်ရံမှာ ခေါင်းအုံးကို ဒူးခေါင်းအောက်မှာဖြစ်ဖြစ်၊ ဘေးစောင်းအိပ်ပါက ဒူးခေါင်းနှစ်ခုကြားမှာဖြစ်ဖြစ် ထားခြင်းဟာပိုပြီးသက်တောင့်သက်သာရှိစေနိုင်ပါတယ်။

2. ပခုံးနာခြင်း

        မနာတဲ့ဘက်ကို စောင်းအိပ်ခြင်းဟာ ပခုံးနာခြင်းကိုသက်သာစေပေမယ့်လည်း အိပ်ပျော်သွားတဲ့အချိန်မှာတော့ နာနေတဲ့ဘက်ကိုဖိပြီးအိပ်မိနိုင်ပါတယ်။ အချို့သောမွေ့ရာတွေဟာ တင်းပါးနဲ့ ပခုံးအဆစ်တွေပေါ်မှာ ဖိအားသိပ်ပြီး မသက်ရောက်ဘူးဆိုပေမယ့် အလွန်မာပါက ကြမ်းပြင်ပေါ်မှာလဲှလျောင်းရသကဲ့သို့ ခံစားရစေပြီး သက်တောင့်သက်သာမရှိတာကြောင့် အိပ်စက်တဲ့အနေအထားပြောင်းစေနိုင်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်လျှင် ပက်လက်၊ ဒါမှမဟုတ် ဝမ်းလျားမှောက်၍သာ အိပ်စက်ခြင်းဖြင့် အိပ်ပျော်သွားစဉ်ခန္ဓာကိုယ်အနေအထားပြောင်းမှုကို လျှော့ချနိုင်ပါတယ်။

3. တင်ပါးဆုံနာခြင်း

        အချို့သောတင်ပါးဆုံးနာကျင်ခြင်းတွေဟာ ပက်လက်အိပ်စက်ခြင်းဖြင့် ကျောရိုးမကြီးကို ဆန့်ထုတ်လိုက်သလိုဖြစ်တာကြောင့် တင်ပဆုံးရိုးပေါ်မှာ ဖိအားသက်ရောက်မှုနည်းသွားကာ နာကျင်မှုဝေဒနာသက်သာစေနိုင်ပါတယ်။ နာနေတဲ့နေရာကို ထပ်ဖိမိပါက နာကျင်စေတဲ့အပြင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်သေးမီအချိန်ထိ နာကျင်မှုကိုခံစားရစေနိုင်ပါတယ်။

4. လည်ပင်းနာခြင်း

        မိမိနဲ့သင့်တော်တဲ့ ခေါင်းအုံးဖြင့် အိပ်စက်ခြင်းသည် ပခုံးကို ဦးခေါင်းနဲ့တစ်ပြေးညီဖြစ်စေကာ ညအချိန်မှာ လည်ပင်းနာခြင်းကို သက်သာစေနိုင်ပါတယ်။ အိပ်စက်တဲ့အခါမှာ သက်သောင့်သက်သာအဖြစ်ဆုံး အနေအထားကိုပြောပါဆိုလျှင် အချို့သူများက ခေါင်းအုံးပျော့ပျော့အိအိအထူစား (သို့) ခေါင်းအုံးနှစ်လုံးဆင့်၍ အိပ်စက်ခြင်းလို့ ထင်ကြပေမယ့်လည်း တကယ်တော့ သူတို့ရဲ့ဦးခေါင်းဟာ လည်ပင်းနဲ့ဆက်စပ်နေတယ်ဆိုတာကို မေ့နေကြပါတယ်။

5. ဒူးခေါင်းနာခြင်း

        ဒူးခေါင်းနာခြင်းအများစုဟာ ခြေထောက်နှစ်ခုထိမိတဲ့အချိန်မှာ ပိုဖြစ်တာကြောင့် ခေါင်းအုံး (သို့) အခြားပျော့တဲ့ အရာတစ်ခုခုကိုခြေထောက်နှစ်ခုကြားမှာထားခြင်းဖြင့် ခြေထောက်အချင်းချင်း မထိမိအောင်ကာကွယ်နိုင်ပါတယ်။

6. မေးရိုးဆစ်ရောဂါ

        မေးရိုးဆစ်နာကျင်တဲ့ရောဂါကို ခံစားရပါက ပါးကိုခေါင်းအုံးနဲ့မထိမိစေရန် ပက်လက်လှန်ပြီးအိပ်ပါ။ နာနေတဲ့ဘက်ကိုစောင်းပြီးအိပ်ပါက မေးရိုးပေါ်ကို ဖိမိနိုင်တာကြောင့် နာကျင်မှုဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။

7. အိပ်နေစဉ်အသက်ရှုရပ်ခြင်း

        အိပ်နေစဉ် အံကြိတ်ခြင်းနဲ့ ဟောက်ခြင်းတို့ကြောင့် အသက်ရှုရပ်ခြင်းဖြစ်စေနိုင်ပါတယ်။ လေပြွန်အပေါ်ပိုင်းဟာ အနည်းငယ် (သို့) လုံးဝပိတ်ဆို့သွားတဲ့အခြေအနေမှာ လန့်နိုးလာစေပြီး အသက်ရှုစေတာဖြစ်ပါတယ်။ ပက်လက်အိပ်တဲ့အနေအထားမှာ လျှာဟာ သဘာဝအတိုင်းနောက်သို့ရောက်သွားကာ ပိတ်ဆို့စေတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးနဲ့ ကြုံနေရတဲ့သူတွေဆိုရင်တော့ ပက်လက်အိပ်စက်ခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

8. ရင်ပူခြင်း

        အစာအိမ်ရဲ့အဆို့ရှင်တွေဟာ မလုံတာကြောင့် အက်ဆစ်တွေကို အစာရေမြိုအထက်သို့ ဆန်တက်စေကာ ရင်ပူခြင်းကိုခံစားရစေတာဖြစ်ပါတယ်။ ဘယ်ဘက်စောင်းအိပ်တဲ့သူတွေမှာ အဆို့ရှင်တွေအလွယ်တကူမပွင့်နို်င်တာကြောင့် ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ထို့ပြင် ကုတင်ခေါင်းရင်းပိုင်းကို မြှင့်ထားပြီး အိပ်စက်ခြင်း၊ 8-10 လက်မခန့်ရှိတဲ့ တဖြည်းဖြည်းအဖျားရူးသွားတဲ့ခေါင်းအုံးမျိ်ုးကို အသုံးပြုခြင်းဖြင့်လည်း ဆန်တက်လာနိုင်တဲ့အက်ဆစ်တွေဟာ ပြန်လည်စုန်ဆင်းသွားနိုင်ပါတယ်။

9. အရေးအကြောင်းများ

        တစ်ဖက်တည်းကိုစောင်းပြီး အိပ်စက်ခြင်းဟာ ၎င်းဘက်ကိုဖိအားပိုမိုသက်ရောက်စေတာကြောင့် အရေးအကြောင်းတွေပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့်မျက်နှာကိုကြည့်ပြီးတော့ ဘယ်ဘက်စောင်းအိပ်တတ်တဲ့သူလဲဆိုတာမျိုးကိုတောင် ခန့်မှန်းပြောဆိုနိုင်ကြပါတယ်။ ပက်လက်အိပ်စက်ခြင်းဖြင့် မျက်နှာကိုခေါင်းအုံးနှင့်ပွတ်မိခြင်းမှ ရှောင်ကြဉ်နိုင်ပါတယ်။ သို့သော် ထိုသို့မအိပ်တတ်ဘူးဆိုပါက တစ်ဖက်ကိုတစ်လှည့်စီပြောင်းပြီး အိပ်စက်သင့်ပါတယ်။

10. ဝက်ခြံ

        ခေါင်းအုံးစွပ်နဲ့ အိပ်ရာခင်းတွေဟာ အရေပြားမှအဆီတွေကို စုပ်ယူထားနိုင်တာကြောင့် ၎င်းတို့ကိုမှန်မှန်မလျှော်ဖွတ်ပါက ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ညစ်ပတ်နေတဲ့ ခေါင်းအုံးစွတ်တွေနဲ့ မျက်နှာအရေပြားကိုမထိတွေ့မိပါစေနှင့်။ နောက်ပြီး အိပ်ရင်လည်း ပက်လက်အိပ်ပါ။

Dr. Thinzar Wynn (www.drmyanmar.com)