/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဒီဗိုင်းရပ်စ်ပိုးတွေ-ခန္ဓာကိုယ်ထဲကို-၀င်သွားရင်-ဘယ်လောက်အကြာမှာ

ဒီဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်ထဲကို ၀င်သွားရင် ဘယ်လောက်အကြာမှာ တခြားသူတွေကို ကူးသလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဗိုင်းရပ်စ်ပိုး ဝင်ရောက်ပြီး ဘယ်လောက်ကြာအထိ အခြားသူတွေကို ကူးစက်နိုင်သလဲ ဆိုတာကတော့ ကူးစက်ခံရတဲ့ ဗိုင်းရပ်စ်ပိုး အမျိုးအစားအပေါ်မှာ မူတည်ပါတယ်။ ရောဂါလက္ခဏာ မပြခင် (သို့) အစက်အပြောက်လေး စတွေ့ကတည်းအချိန်ကစပြီး အခြားသူတွေကို ကူးစက်နိုင်နေပါပြီ။

 

>>    လေပြွန်ရောင်ခြင်း

          အအေးမိ၊ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် လေပြွန်ရောင်တာဆိုရင် အအေးမိ၊ တုပ်ကွေးရောဂါလက္ခဏာတွေ မပျောက်သေးသရွေ့ အခြားသူတွေကို ပိုးကူးနိုင်ပါတယ်။

 

>>    ရေကျောက်

          ရေကျောက်ကတော့ အစက်အပြောက်တွေမပေါ်မီ 1 ရက်၊ 2 ရက်လောက်ကနေပြီး အရည်ကြည်ဖုတွေအားလုံး ခြောက်သွေ့ပြီး ကွာကျသွားချိန်အထိ ရောဂါကူးစက်နိုင်ပါတယ်။ အများအားဖြင့် အစက်အပြောက်ပေါ်ပြီး 5-6 ရက်လောက် ကြာတတ်ပါတယ်။

 

>>    အအေးမိခြင်း

          ရောဂါလက္ခဏာမပေါ်မီ ရက်အနည်းငယ်ကနေပြီး ရောဂါလက္ခဏာတွေ လုံးဝ ပျောက်ကင်းသွားသည်အထိ ကူးစက်နိုင်ပါတယ်။ လူအများစုက 2 ပတ်လောက်အထိ တခြားသူတွေကို ကူးစက်စေနိုင်ပါတယ်။ ရောဂါလက္ခဏာတွေ အဆိုးဆုံးဖြစ်တဲ့ ပထမ 2-3 ရက်မှာ ကူးစက်နိုင်နှုန်းလည်း အမြင့်ဆုံး ဖြစ်ပါတယ်။

 

>>    တုပ်ကွေး

          ရောဂါလက္ခဏာ စပြတဲ့နေ့ကနေပြီး နောက်ထပ် 3-7 ရက်လောက်မှာ ကူးစက်နိုင်မှု အများဆုံး ဖြစ်ပါတယ်။ ကလေးတွေနဲ့ ကိုယ်ခံအားနည်းတဲ့သူတွေမှာ နောက်ထပ် ရက်အနည်းငယ် ပိုကြာကြာ ကူးစက်နိုင်ပါသေးတယ်။

 

>>    ဝက်သက်

          ဝက်သက်က ရောဂါကူးစက်ခံရပြီး 10 ရက်လောက်ကြာမှ ရောဂါလက္ခဏာ ပြတတ်ပါတယ်။ ပထမဆုံးလက္ခဏာ စပေါ်ပြီးနောက်နဲ့ အစက်အပြောက်တွေ မထွက်မီစပ်ကြားမှာ ရောဂါကူးစက်နိုင်ခြေ အများဆုံးပါပဲ။

          ဝက်သက်မှာ အရင်ပေါ်လာတတ်တဲ့ ရောဂါလက္ခဏာတွေကတော့ -

•        ကိုယ်ပူကြီးခြင်း

•        မျက်လုံးနီခြင်း

•        အလင်းရောင်ကို မခံနိုင်ခြင်း

•        နှာရည်ယိုခြင်း၊ မျက်ရည်များ ကျခြင်း၊ မျက်ခံွများ မို့နေခြင်း၊ နှာချေခြင်း ကဲ့သို့သော အအေးမိ ရောဂါလက္ခဏာများ

          ဒီလက္ခဏာတွေပြပြီး 2-4 ရက်အကြာမှာ နီညိုရောင်အစက်တွေ ပေါ်လာပြီး ဒီအစက်တွေက တစ်ပတ်လောက်ကြာမှ ပြန်ပျောက်သွားတတ်ပါတယ်။

 

>>    ပါးချိတ်ရောင်

          ပါးချိတ်မရောင်မီ ရက်အနည်းငယ်လောက်ကနေပြီး ရောင်ပြီး ရက်အနည်းငယ်ကြာတဲ့အထိ ကူးစက်နိုင်ပါတယ်။

 

>>    ဂျာမန်ဝက်သက်

          အစက်တွေမပေါ်မီ 1 ပတ်လောက်အလိုကနေပြီး အစက်ထွက်ပြီး 4 ရက်လောက်အထိ ကူးစက်နို်င်ပါတယ်။ အခြားသူတွေကို မကူးစက်စေဖို့အတွက် အစက် စထွက်လာပြီး 6 ရက်လောက် ကြာတဲ့အထိ အိမ်မှာပဲ နေသင့်ပါတယ်။ ဒီအချိန်အတွင်းမှာ ကိုယ်ဝန်ဆောင်တွေနဲ့ မထိတွေ့အောင် ရှောင်ကြဉ်ရပါမယ်။

 

>>    ရှင်ဂဲလ် (ရေယုန်)

          အစက်ပေါ်လာချိန်ကစပြီး အရည်ကြည်ဖု လုံးဝကွာကျသွားချိန်အထိ ကူးစက်နိုင်ပါတယ်။ 10-14 ရက်လောက် ကြာတတ်ပါတယ်။

 

>>    အာသီးရောင်ခြင်း

          အာသီးရောင်တာကတော့ မကူးစက်တတ်ပါဘူး။ ဒါပေမဲ့ အာသီးရောင်စေတဲ့ ဗိုင်းရပ်စ်ပိုးကတော့ ကူးစက်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးအမျိုးအစားအပေါ် မူတည်ပြီး ကူးစက်နိုင်တဲ့အချိန်တွေ မတူကြပါဘူး။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)