/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဒီလက္ခဏာတွေ-တွေ့ရင်-သတိထားပါ၊-လေဖြတ်တတ်သည်

ဒီလက္ခဏာတွေ တွေ့ရင် သတိထားပါ၊ လေဖြတ်တတ်သည်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မျက်နှာ၊ လက်တွေ အားနည်းလာပြီးတော့ စကားပြောတဲ့အခါမှာ ခက်ခဲလာတာတွေက လေဖြတ်ရင် အဖြစ်များဆုံးသော လက္ခဏာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေတင်လားဆိုတော့လည်း မဟုတ်ပါဘူး။ တခြားလက္ခဏာတွေလည်း ရှိပါသေးတယ်။

●        ခန္ဓာကိုယ်တစ်ခြမ်း (သို့) နှစ်ခြမ်းလုံးမှာရှိတဲ့ မျက်နှာ၊ လက်တွေ၊ ခြေထောက်တွေ အားနည်းလာခြင်း၊ ထုံကျဉ်လာခြင်း

●        စကားပြောရ ခက်လာခြင်း၊ သူများပြောတာကို နားလည်ဖို့ခက်လာခြင်း

●        မူးဝေထိုင်းမှိုင်းခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း၊ ဘာအကြောင်းမှမရှိဘဲ ချော်လဲကျခြင်း

●        မျက်လုံးတစ်ဖက် (သို့) နှစ်ဖက်စလုံးမှာ အမြင်အာရုံဆုံးရှုံးခြင်း၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးလာခြင်း၊ အမြင်အာရုံ ကျဆင်းလာခြင်း

●        ခေါင်းကိုက်ခြင်း - ရုတ်တရက်ကြီး ခေါင်းအရမ်း ထိုးကိုက်တတ်ပါတယ်။

●        အစာမျိုချရခက်ခြင်း

          အထက်ပါလက္ခဏာတွေက တစ်မျိုးတည်း (သို့) ၂ မျိုးသုံးမျိုးပေါင်းပြီးတော့ ဖြစ်တတ်ပါတယ်။ လက္ခဏာတွေပြပြီးတော့ ၂၄ နာရီအတွင်းမှာ ပြန်ပျောက်သွားရင် ခေတ္တလေဖြန်းခြင်းလို့ ခေါ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလက္ခဏာတွေ ခံစားရပြီဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားပြပါ။

 

>>    လေဖြတ်ခြင်း ဖြစ်နိုင်ချေများသော အချက်များ

          လေဖြတ်နိုင်ချေ များစေတဲ့အချက်တွေကို (၃) မျိုး ခွဲခြားနိုင်ပါတယ်။

 

၁။     မိမိထိန်းချုပ်လို့ မရနိုင်တဲ့အချက်တွေ

●        အသက် - အသက်ကြီးလာလေ လေဖြတ်နိုင်ချေ များလေပါ။

●        လေဖြတ်တာက အမျိုးသားတွေမှာ အဖြစ်များပါတယ်။

●        မျိုးရိုးထဲမှာ လေဖြတ်ဖူးတဲ့ ရာဇဝင်ရှိခြင်း

 

၂။     ကျန်းမာရေးနဲ့ဆိုင်သော အချက်များ

●        ၂၄ နာရီအတွင်း ပြန်ပျောက်သွားတဲ့ ခေတ္တလေဖြန်းဖူးခြင်း

●        နှလုံးခုန်နှုန်း ပုံမမှန်ခြင်း

●        ဆီးချိုရောဂါ

 

၃။     မိမိထိန်းချုပ်လို့ရတဲ့ နေထိုင်စားသောက်မှုပုံစံတွေ

●        သွေးတိုးနှင့် လေဖြတ်ခြင်း - သွေးတိုးကတော့ လေဖြတ်တာကို အများဆုံးဖြစ်စေတဲ့အချက်ပါပဲ။ သွေးတိုးတဲ့အခါမှာ သွေးကြောတွေ ပျက်စီးပြီးတော့ နောက်ဆုံးမှာ လေဖြတ်စေနိုင်ပါတယ်။

●        သွေးတွင်း ကိုလက်စရောဓာတ် များခြင်း - သွေးကြောရောဂါ ဖြစ်စေပြီးတော့ လေဖြတ်စေနိုင်ပါတယ်။

●        ဆေးလိပ်သောက်ခြင်း - ဆေးလိပ်သောက်တာကလည်း သွေးတိုးစေပြီး သွေးထဲက အောက်ဆီဂျင်ပမာဏကို လျော့နည်းစေခြင်းအားဖြင့် လေဖြတ်နိုင်ချေကို များစေပါတယ်။

●        အဝလွန်ခြင်း - ခန္ဓာကိုယ်မှာ အဆီတွေ အရမ်းများလွန်းတဲ့အခါ သွေးတိုးခြင်း၊ သွေးတွင်းအဆီဓာတ်များခြင်းတွေ ဖြစ်စေပြီးတော့ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ကိုယ်အလေးချိန်ကို ရှိသင့်တဲ့ပမာဏအတွင်းမှာ ရှိအောင် ထိန်းမထားနိုင်ဘူးဆိုရင် ဆရာဝန် (သို့) အာဟာရပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

●        ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေစားခြင်း၊ လေ့ကျင့်ခန်း မလုပ်ခြင်း - လှုပ်ရှားမှုမရှိတာ အဝလွန်တာတွေကြောင့် သွေးတိုး၊ သွေးတွင်းအဆီဓာတ်များ၊ ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်တာတွေကို ဖြစ်နေိုင်ချေ များစေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ဖို့အတွက် တတ်နိုင်သမျှ လတ်ဆတ်တဲ့ အစားအစာတွေကို စားပါ။ အစာစားတာနဲ့ လေ့ကျင့်ခန်းလုပ်တာ ညီနေဖို့လည်း အရေးကြီးပါတယ်။ ကိုယ်လက်လှုပ်ရှားမှု အတော်အသင့်ရှိသူတွေက လေဖြတ်နိုင်ချေနည်းပါတယ်။ ဒါကြောင့် တစ်နေ့ကို အတန်အသင့် ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး မိနစ် ၃၀ လောက် လုပ်နိုင်အောင် ကြိုးစားပါ။

●        အရက် အလွန်အကျွံသောက်ခြင်း - တစ်နေ့ကို အရက် ၆ ခွက်နဲ့အထက် သောက်သုံးခြင်းက လေဖြတ်နို်င်ချေကို များစေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)