ဒီလက္ခဏာ တွေတွေ့တိုင်း လန့်မသွားနဲ့နော် ... (၁)
ရောဂါလက္ခဏာတစ်ခုခု ကြုံတွေ့ရတဲ့အခါ လူတွေဟာ ကြားဖူးနားဝတွေ စဉ်းစားပြီး လန့်လန့်သွားတတ်ကြပါတယ်။ ကဲ ... အရမ်းကြီးကြောက်စရာမလိုတဲ့ လက္ခဏာတွေကို ပြောပြပေးသွားမယ်နော်။
၁။ ရင်ဘတ်အောင့်ခြင်း
ရင်ဘတ်အောင့်တယ်ဆိုတာနဲ့ ပြေးပြေးမြင်ကြတာက နှလုံးသွေးကြောပိတ်တာပါပဲ။ တကယ်ဆို အသက်ငယ်ငယ်၊ သွေးတိုးဆီးချိုလို ဘာရောဂါမှမရှိတဲ့လူတစ်ယောက်မှာ ရင်ဘတ်အောင့်စေတဲ့ အကြောင်းရင်းတွေက ရင်ပူတာ၊ စိတ်ဖိစီးမှုများတာ၊ စိတ်လှုပ်ရှားတာ၊ လေ့ကျင့်ခန်းလုပ်ရင်း ရင်ဘတ်ကြွက်သားတွေ ထိခိုက်မိတာ စတာတွေ ဖြစ်ဖို့များပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် စိတိရှင်းသွားအောင်တော့ ဆရာဝန်နဲ့ပြကြည့်ပါ။ အထူးသဖြင့် ရုတ်တရက် ထအောင့်တယ်၊ မပျောက်တော့ဘဲ ဆက်တိုက်အောင့်နေတယ် ဆိုရင်ပေါ့။
၂။ ရင်တုန်ခြင်း
ရင်တုန်တိုင်း နှလုံးရောဂါ ကြီးကြီးမားမားလို့ ပြောမရပါဘူး။ များသောအားဖြင့် စိတ်ဖိစီးမှုတွေ၊ ရေဓာတ်ခမ်းခြောက်တာ၊ အိပ်ရေးမဝတာ၊ ကဖိန်းဓာတ် များနေတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ကဖိန်းကို လျှော့သောက်တာ၊ အားဖြည့်အချိုရည်တွေ လျှော့သောက်တာ၊ စိတ်ဖိစီးမှုတွေ လျှော့ချတာ စတာတွေက နှလုံးခုန်တာကို ငြိမ်သက်စေနိုင်ပါတယ်။ ဒါပေမဲ့ ရင်တုန်တာက အချက်ကျကျ ဖြစ်နေတယ်၊ မောပါ မောလာတယ် ဆိုရင်တော့ ဆရာဝန်နဲ့ပြကြည့်ပါ။
၃။ နားအူခြင်း
နားအူတယ်ဆိုတာ အသက်ကြီးလာတဲ့ လက္ခဏာတစ်ရပ်ပါ။ အသက်ကြီးလာတဲ့အခါ သွေးကြောတွေ မာလာပြီး သွေးတွေ တိုးလာတာကြောင့် နားထဲမှာဆူညံသံတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် သိပ်မစိုးရိမ်ရပေမယ့် အကြားအာရုံချို့တဲ့တာ၊ အတွင်းနားထိခိုက်တာ စတာတွေဖြစ်နေနိုင်တဲ့အတွက် စမ်းသပ်ကြည့်ဖို့တော့ လိုပါတယ်။
၄။ လက်တုန်ခြင်း
လက်တုန်တိုင်း ပါကင်ဆန်ရောဂါ မဟုတ်ပါဘူး။ ပါကင်ဆန်ဆိုရင် လက်တစ်ဖက်တည်းက စတုန်ပြီး တောင့်တင်းလာတာ၊ လှုပ်ရှားမှုတွေ နှေးကွေးလာတာ၊ ကိုယ်ဟန်ပျက်လာတာ စတာတွေနဲ့ လာနိုင်ပါတယ်။ သွေးတွင်းအချိုဓာတ်နည်းတာ၊ သိုင်းရွိုက်ပြဿနာ စတာတွေနဲ့ ဘာကြောင့်မှန်းမသိတုန်တတ်တဲ့ essential tremor တွေ ဖြစ်နိုင်ပါတယ်။ Essential tremorဆိုရင် တစ်ခုခုကို လှမ်းကိုင်တာမျိုးကျမှ ဖြစ်တတ်ပါတယ်။ ကော်ဖီ လျှော့သောက်တာ၊ beta blocker ဆေးတွေ သောက်တာမျိုးနဲ့ သက်သာနိုင်ပါတယ်။
၅။ မေ့လျော့လွယ်ခြင်း
အသက်ကြီးလာလေလေ နာမည်တွေမေ့တာ၊ ကားသော့ ဘယ်နားထားမိမှန်းမေ့တာ စသဖြင့် မေ့လာတဲ့အခါ အမေ့ရောဂါ dementia ဖြစ်မှာ ကြောက်တတ်ကြပါတယ်။ အသက်ကြီးလာလို့မေ့တာ ပုံမှန်ပါ။ လူငယ်တွေတောင် စိတ်ဖိစီးမှု များလာတဲ့အခါ မေ့လျော့တတ်ပါတယ်။ အရေးကြီးတာတွေ၊ မမေ့ရတဲ့အရာတွေကို မေ့မှသာ ကြောက်ရတာပါ။ ကားမောင်းနေရင်းနဲ့ အိမ်ပြန်လမ်း မေ့သွားတာမျိုး၊ လူတွေနဲ့တွေ့တဲ့အခါ မျက်နှာကို လုံးလုံးမမှတ်မိတော့တာမျိုးပေါ့။
၆။ အရေပြားအသားပို
အသားပိုတိုင်းက ကင်ဆာမဟုတ်ပါဘူး။ လည်ပင်းတွေ၊ ရင်ဘတ်တွေ၊ ချိုင်းတွေ၊ မျက်လုံးတွေမှာ တွေ့ရတတ်ပြီး မှဲ့လိုမဟုတ်ဘဲ ရိုးရိုးအသားကျိတ် ဖြစ်တာများပါတယ်။ ဒါကြောင့် တစ်လုံး ၂ လုံးပဲ၊ ရုတ်တရက် ကြီးလာတာလည်း မရှိရင် ဘာမှလုပ်စရာမလိုပါဘူး။
၇။ မျက်လုံးထဲ လှုပ်လှုပ်မည်းမည်းကြီး မြင်နေခြင်း
မျက်လုံးထဲ မည်းမည်းလှုပ်လှုပ်ကြီး မြင်နေရတာဟာ အမြင်ပြဿနာတွေ ဖြစ်နေတာ မဟုတ်ပါဘူး။ အသက်ကြောင့်ဖြစ်တာ များပါတယ်။ လူအများစုမှာ သေချာစူးစိုက်ကြည့်ရင် ရှိတတ်ပါတယ်။ ရုတ်တရက်ကြီး ခါတိုင်းထက် ပိုများလာတယ်၊ အမြင်အာရုံကိုပါ ထိခိုက်လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
၈။ သွေးဝမ်းသွားခြင်း
ရုတ်တရက် သွေးဝမ်းတွေသွားနေရင် လန့်သွားကြမှာပေါ့။ အသက်ငယ်ငယ်တွေမှာ သွေးဝမ်းသွားတာ ကြောက်စရာ သိပ်မရှိပါဘူး။ အမျှင်ဓာတ် စားတာနည်းပြီး ဝမ်းချုပ်လို့ဖြစ်တာပါ။ အရည်များများသောက်ပြီး အမျှင်များများ စားတာတောင် မသက်သာရင်တော့ ဆရာဝန်နဲ့ပြပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























