/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဒုက္ခပေးတဲ့အပူဖု

ဒုက္ခပေးတဲ့အပူဖု

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အပူဖုဆိုတာ ပါးစပ်ထဲမှာ ပေါက်တတ်တဲ့ အနာသေးသေးလေးတွေ ဖြစ်ပြီးတော့ စားရသောက်ရ၊ စကားပြောရတာ အဆင်မပြေ ဖြစ်စေတတ်တယ်။ အပူဖု (၂) မျိုး (၂) စား ရှိတယ်နော်။

1.       ရိုးရိုးအပူဖုတွေဟာ တစ်နှစ်ကို ၃ ကြိမ်ကနေ ၄ ကြိမ်လောက်ထိ ပေါက်တတ်ပြီး ၁ ပတ်လောက် ကြာတတ်တယ်။ အထူးသဖြင့်တော့ အသက် ၁၀ နှစ်ကနေ ၂၀ အတွငး်မှာ အဖြစ်များတယ်။

2.       ရိုးရိုးအပူဖုထက်ကို ပိုကြီးပြီး ပိုကြာတဲ့ အပူဖုမျိုးကတော့ နည်းနည်းရှားတယ်။ အရင်က ဖြစ်ဖူးတဲ့လူတွေမှာ ပြန်ပြန်ပေါက်တတ်တာ များပါတယ်။

 

>>    ဘာလို့ အပူဖု ပေါက်ရတာလဲ?

          အများစုကတော့ ဘာကြောင့်မှန်းမသိ ပေါက်တတ်တာပါ။ စိတ်ဖိစီးမှုများတာ၊ တစ်သျှူးဒဏ်ရာရတာတွေကြောင့် ဖြစ်တာများတယ်။ အချဉ်သီးတွေဖြစ်တဲ့ သံပရာသီး၊ လိမေ္မာ်သီး၊ နာနတ်သီး၊ ပန်းသီး၊ စွန်ပလွံသီး၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီးတွေကြောင့် ဖြစ်တတ်သလို ပိုလည်းဆိုးစေတတ်တယ်။ တစ်ခါတလေ သွားအထိန်းတွေ၊ အံကပ်တွေက အံဝင်ခွင်မကျလို့လည်း ဖြစ်တတ်သေးတယ်။

          ပိုဆိုးတဲ့အပူဖုတွေကတော့ ကိုယ်ခံအားစနစ် မကောင်းတာ၊ ဗီတာမင် B12, ဖောလစ်အက်ဆစ်၊ သံဓာတ် စသဖြင့် အာဟာရ မပြည့်ဝတာ၊ အူလမ်းကြောင်းရောဂါတွေဖြစ်တဲ့ ဂလူတန်ဂျုံဓာတ်မတည့်ရောဂါ၊ အူရောင်ရမ်းရောဂါတွေကြောင့် ဖြစ်နို်င်ပါတယ်။

 

>>    ရေယုန်နဲ့ အပူဖုနဲ့တူလား?

          မတူပါဘူး။ ရေယုန်ဆိုတာဟာ Herpes simplex type1 လို့ခေါ်တဲ့ ရေယုန်ပိုးကြောင့် ဖြစ်တာပါ။ အရမ်းကိုနာပြီး အရည်တွေပြည့်နေတဲ့ အဖုမျိုးပေါ့။ အပူဖုနဲ့မတူဘဲ ရေယုန်တွေဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး အရမ်းကူးစက်နိုင်တယ်။ နောက်ပြီး ရေယုန်တွေကို ပါးစပ်အပြင် နှာခေါင်းအောက်၊ နှုတ်ခမ်းတစ်ဝိုက်နဲ့ မေးအောက်တွေမှာ တွေ့ရတတ်တယ်။ အပူဖုတွေကတော့ ပါးစပ်ထဲမှာပဲ ဖြစ်တတ်တယ်။

 

**     အပူဖုရဲ့လက္ခဏာတွေကတော့ -

●        လျှာပေါ်မှာ၊ အာခေါင်မှာ၊ ပါးစောင်မှာ စသဖြင့် ပါးစပ်ထဲမှာ အနာတွေ ပေါက်လာတာ

●        ဒီလိုမပေါက်ခင်မှာ ပူသလို၊ ကျဉ်သလို အရင်ခံစားရလာတာ

●        ပါးစပ်ထဲမှာ ဖြူဖြူဝိုင်းဝိုင်း ဘေးနားရစ်နီနီနဲ့ အနာတွေပေါက်လာတာ စတာတွေနဲ့ လာတတ်တယ်။

 

**     အရမ်းဆိုးလာတဲ့အပူဖုတွေဆိုရင် -

●        ဖျားတာ

●        တစ်ကိုယ်လုံး မလှုပ်ချင် မကိုင်ချင်ဖြစ်တာ

●        အကျိတ်တွေပါ ရောင်လာတာတွေပါ ဖြစ်တတ်တယ်။

 

>>    ဒီလိုအပူဖုတွေကို ဘယ်လိုကုလို့ရမလဲ?

          ရက်ပိုင်းအတွင်းမှာတင် နာတာ သက်သာသွားတတ်ပြီး ၁ ပတ်၊ ၂ ပတ်လောက်မှာ အနာ သူ့အလိုလို ပျောက်သွားလိမ့်မယ်။ လေဆာပစ် ကုသမယ်ဆိုရင်တော့ ချက်ချင်းကို သက်သာသွားမှာပါ။

          ကာကွယ်လို့ ရ/မရကိုလည်း သိချင်နေကြမှာပေါ့။

          ကုသမယ်နည်းလမ်းတော့ မရှိပေမယ့် ကာကွယ်လို့တော့ ရနိုင်တယ်နော်။

1.       အချဉ်သီးတွေ၊ အက်ဆစ်များတဲ့အရွက်တွေ၊ အစပ်တွေ စသဖြင့် ပါးစပ်ကို ထိခိုက်နိ်ုင်တဲ့ အစားအသောက်တွေကို ရှောင်ပါ။

2.       ပီကေ ဝါးတာကို ရှောင်ပါ။

3.       အစာ စားပြီးတိုင်း သွားပွတ်တံ ပျော့ပျော့လေးနဲ့ တိုက်ပေးပါ။

 

          နောက်ပြီး

●        သာမန်ထက် ပိုကြီးတဲ့ အပူဖုတွေ

●        တစ်ဖုပြီးတစ်ဖု ပြန့်လာတဲ့ အပူဖုတွေ

●        ၃ ပတ်ထက် ပိုကြာတဲ့ အပူဖုတွေ

●        ဆေးသောက်ပြီးတာတောင် နာတာ မသက်သာတဲ့ အပူဖုတွေ

●        အရည်တောင် သောက်မရတဲ့ အပူဖုတွေ

●        အဖျားပါ ကြီးလာစေတဲ့ အပူဖုတွေ ပေါက်လာခဲ့ရင်တော့ ဆရာဝန်နဲ့ပြဖို့ လိုအပ်လာပါပြီနော်။

Dr. Mya Phoo Ngon (www.drmyanmar.com)