/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဒူး-ဘယ်နေရာနာလဲ

ဒူး ဘယ်နေရာနာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ခန္ဓာကိုယ်မှာရှိတဲ့ အဆစ်အမြစ်တွေ ရောင်ရမ်းတဲ့အခါ နာကျင်လာတတ်ပြီးတော့ ဒူးမှာ ပိုအဖြစ်များတယ်။ ဒီလိုရောင်ရမ်းနာကျင်ပြီး တောင့်တင်းနေတာကြောင့် ပုံမှန်လုပ်နေကျအလုပ်တွေဖြစ်တဲ့ လမ်းဝေးဝေးလျှောက်တာမျိုး၊ လှေကားအတက်အဆင်းလုပ်တာမျိုးတွေကိုတောင် မလုပ်နိုင်ကြတော့တာမျိုးတောင် ရှိတတ်တယ်။

>>  အရိုးကျီးပေါင်းတက်ခြင်းနဲ့ သွေးလေးဖက်နာ
အဖြစ်အများဆုံးအကြောင်းရင်းကတော့ အရိုးကျီးပေါင်းတက်တာနဲ့ သွေးလေးဖက်နာပါပဲ။
အရိုးကျီးပေါင်းတက်တယ်ဆိုတာ အဆစ်တွေကြားထဲက အရိုးနုတွေ ပျက်စီးသွားတာကြောင့် အရိုးအချင်းချင်း ပွတ်တိုက်မိပြီး အတက် ထွက်လာတာပါ။ ဒီလိုပွတ်တိုက်မိတဲ့ဒဏ်ကြောင့် နာတာ၊ ကိုက်တာ၊ ရောင်ရမ်းတာမျိုးတွေ ဖြစ်လာတတ်တယ်။
အထူးသဖြင့် သက်ကြီးပိုင်း ၅ဝ ကျော်တွေမှာ ဖြစ်တတ်ပြီးတော့ အဆစ်အမြစ်ကို ပျက်စီးစေတဲ့ ထိခိုက်ဒဏ်ရာရခဲ့ဖူးသူတွေမှာ ပိုဖြစ်တတ်တယ်။
သွေးလေးဖက်နာဆိုတာကတော့ ခုခံအား ကမောက်ကမဖြစ်တဲ့ ရောဂါတစ်ခုဖြစ်ပြီး ကိုယ့်ခန္ဓာကိုယ်ထဲက ကောင်းတဲ့ ကျန်းမာတဲ့ တစ်သျှူးတွေကို ကိုယ်ခံအားက ပြန်တိုက်နေတဲ့ ရောဂါတစ်ခုပေါ့။ ဒီသွေးလေးဖက်နာမှာဆိုရင် အဆစ်တွေကို ကာရံထားတဲ့ တစ်သျှူတွေကို သွားတိုက်ခိုက်ပြီး အရိုးနုတွေ ပျက်စီးသွားတဲ့အတွက် အဆစ်ရောင်သွားတာပါ။
ဒီရောဂါရော၊ တခြားခုခံအားကမောက်မကဖြစ်တဲ့ အဆစ်ရောင်ရောဂါတွေပါ အသက်အရွယ်မရွေး ဖြစ်တတ်တယ်။

Jointace 1

>>  အဆစ်ရောင်ခြင်းနဲ့ ဒူးနာခြင်း
ဒူးဆိုတာ ပေါင်ရိုး၊ ခြေသလုံးရိုးနဲ့ ခုံညင်းရိုး စုစုပေါင်း ၃ ရိုးစုံတဲ့နေရာပေါ့။
ဒီအရိုး ၃ ရိုး စုံတဲ့နေရာမှာ အရိုးတွေ မပွတ်တိုက်အောင် ကာကွယ်ထောက်မတ်ပေးထားတဲ့ အရိုးနုလေးတွေ ရှိပါတယ်။ ပြီးတော့ ဒီအရိုးနုလေးတွေကိုလည်း ချောချောမွေ့မွေ့ အလုပ်လုပ်နိုင်အောင် အမြှေးပါးလေးက အရည်လေးတွေ ထုတ်ပေးပြီး ချောဆီသဘောမျိုး ခံထားပေးတယ်။
ဒီလိုခံထားပေးတဲ့ အရိုးနုတွေနဲ့ အမြှေးပါးတွေ မရှိတော့တဲ့အခါ ဒီအရိုး ၃ ရိုး စပွတ်တော့တာပါပဲ။ ဒီလိုပွတ်တိုက်မှုကြောင့် နာတာ၊ ရောင်တာ၊ အရိုးအတက်ထွက်တာတွေ ဖြစ်လာတော့တယ်။

>>  ဘာတွေလိုက်နာရမလဲ?
1.  ညဘက်မှာ နာတာ ကျင်တာ သက်သာအောင် နေ့ခင်းဘက်မှာ လှုပ်ရှားမှုကိုသတိထားပါ။
ဒီလိုဒူးနာတာဟာ ရောင်ရမ်းမှုကြောင့်ဖြစ်တာ ဖြစ်တဲ့အတွက် အသုံးများရင် ပိုဖြစ်တတ်တယ်။
တစ်နေကုန် ဒူးကို ဂရုမစိုက်ဘဲ လျှောက်သွားနေတတ်ရင် ညဘက်လှဲတဲ့အခါ နာကျင်လာတတ်တယ်။ ဒါ့ကြောင့် လမ်းဝေးဝေးလျှောက်ပြီးတိုင်း ဒူးကို နားပေးပါ။
2.  သွားရင်းလာရင်း ဒူးနာလာရင် ချက်ချင်းရပ်ပြီး ကိုယ့်အနေအထားကို ချက်ချင်း ဆန်းစစ်ပါ။
3.  အပေါ်တက် အောက်ဆင်း အလုပ်တွေကို လျှော့ပါ။
4.  တကယ်လို့ ကိုယ်အလေးချိန် များနေရင် လျော့ဖို့ လိုပါတယ်။
5.  ဘေးစောင်းအိပ်တတ်ရင်ဘဲဖြစ်ဖြစ်၊ ပက်လက်အိပ်ရင်ပဲဖြစ်ဖြစ် သက်သောင့်သက်သာလေး အိပ်ရအောင် ဒူးအောက် ခေါင်းအုံးလေးခံပြီး အိပ်ပေးပါ။
6.  အိပ်ရာမဝင်ခင် အပူအိတ် ဒါမှမဟုတ် ရေခဲအိတ်ကို ၁၅ မိနစ် - မိနစ် ၂၀ လောက် ကပ်ပေးပါ။

Jointace 2

>>  ဒီလိုနာနေတာကို ဘယ်လိုကုရမလဲ?
အဆစ်အမြစ်ရောင်ရမ်းတာအတွက် အဓိက,က ကုသတာကတော့ နာတာ ကျင်တာ သက်သာဖို့နဲ့ နောက်ထပ် အဆစ်အမြစ် ပျက်စီးတာကို ကာကွယ်တားဆီးဖို့ပါပဲ။
ဒါကြောင့် ဒီရည်မှန်းချက်ကို ပြည့်မီနိုင်ဖို့ ဆရာဝန်နဲ့ ပုံမှန်ပြဖို့တော့ လိုတယ်နော်။
သွေးလေးဖက်နာဆိုရင်တော့ အဓိက,က အဆစ်တွေကို ရောင်ရမ်းစေတဲ့ ခုခံအားစနစ်ကို ပြန်တိုက်ရမှာပါ။
အရိုးကျီးပေါင်းဆိုရင်လည်း အပျော့စားအဆင့်ဆိုရင် ရိုးရိုးအကိုက်အခဲပျောက်ဆေးနဲ့ အနေအထိုင် ဆင်ခြင်လိုက်ရုံနဲ့ သက်သာလိမ့်မယ်။ ဒါပေမဲ့ ပိုပြီးဆိုးလာရင်တော့ လေ့ကျင့်ခန်းလုပ်တာ၊ ဆေးတွေသောက်ရတာ၊ ခွဲစိတ်ရတာတွေ လုပ်ဖို့လိုလာလိမ့်မယ်။

>>  ခွဲစိတ်တဲ့နည်းတွေကတော့ -
●  ပျက်စီးသွားတဲ့အဆစ်ကို ပြန်ပြင်တာ : တခြားအရိုးတစ်ခုခုက အရိုးနုကိုယူပြီး အစားထိုးတာ၊ အရိုးမျက်နှာပြင်ကို ချောမွေ့အောင်လုပ်တာ၊ ပြန်ပြင်တာမျိုးတွေ လုပ်လို့ရတယ်။
●  အဆစ်အစားထိုးတာ : ပျက်စီးနေတဲ့ဒူးဆစ်ကို ဖယ်ပြီးတော့ ပလတ်စတစ် ဒါမှမဟုတ် သတ္တုအဆစ်ကို ပြန်အစားထိုးတာမျိုးလည်း ရှိတယ်။
ခွဲစိတ်မှုတိုင်းမှာတော့ သူ့ဆိုးကျိုးနဲ့သူရှိပြီးတော့ နာလန်ထဖို့လည်း အချိန်ယူရတဲ့အတွက် တခြားကုသနည်းတွေနဲ့ ဘယ်လိုမှ မသက်သာတော့မှ ဒီနည်းကို ရွေးသင့်တယ်။

>>  နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင် -
နာတာ ကိုက်တာ အရမ်းဆိုးလာလို့ လုပ်ရိုးလုပ်စဉ်တွေတောင် မလုပ်နိုင်တော့ချိန်၊ ကိုယ့်လူနေမှုဘဝပုံစံတွေကို ထိခိုက်လာပြီဆိုရင်တော့ ခွဲစိတ်တဲ့နည်းလမ်းတွေကို စဉ်းစားသင့်ပြီပေါ့။
ကိုယ့်ရဲ့ကုသမှုပုံစံဟာ ကိုယ့်အဆစ်ရောင်တာရဲ့အဆင့်နဲ့ ဒူး ဘယ်နားကိုထိတာလဲပေါ် မူတည်ပြီးတော့ အပြောင်းအလဲ ရှိနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)