ဓာတ်မတည့်ခြင်းများ
ပန်းဝတ်မှုန်၊ ဖုန််အမှုန်၊ မှို၊ တိရစာၦန်အမွေးအမျှင်များ၊ အင်းဆက်ကိုက်ခြင်း၊ Latex ၊ အစားအစာတွေနဲ့ ဆေးဝါးတွေဟာ ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ကို ဓာတ်မတည့် ဖြစ်စေနိုင်တဲ့အရာတွေနဲ့ ကိုယ့်ရဲ့ရောဂါလက္ခဏာဖြစ်စဉ်တို့ကို သေချာလေ့လာပြီး ရှောင်ကြဉ်ရပါမယ်။
အကယ်၍ ဓာတ်မတည့်စေတဲ့အရာကို မသိခဲ့ရင်တော့ ဆရာဝန်ထံမှာ ဓာတ်မတည့်စမ်းသပ်ခြင်း ပြုလုပ်ခြင်းဖြင့် သိရှိနိုင်ပါတယ်။
ဓာတ်မတည့် အဖြစ်များတဲ့အရာတွေကတော့ -
1. ပန်းဝတ်မှုန်
2. ဖုန်အမှုန်များ
ဒီအမှုန်အမှိုက်လေးတွေဟာ အလွန်သေးငယ်ပြီး မိုင်ခရိုမှန်ဘီလူးနဲ့ကြည့်မှသာ မြင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် ပန်းဝတ်မှုန်လို ရာသီချိန်မှမဟုတ်ဘဲ 12 ရာသီ ထိတွေ့မှု ရှိနိုင်ပါတယ်။
စတီးရိုက် နှာခေါင်းဖြန်းဆေးများ၊ Antihistamines တွေနဲ့ နှာပွင့်ဆေးတွေ သောက်နိုင်ဖြန်းနိုင်ပါတယ်။
စောင်၊ မွေ့ယာ၊ ခေါင်းအုံးတွေကို ပုံမှန်လျှော်ပေးပြီး ဖုံးအုပ်ထားပါ။ အိမ် အထူးသဖြင့် အိပ်ခန်းတွေထဲမှာ ပစ္စည်းတွေ ဖုန်မတက်အောင် သတိထားပါ။
3. မှို
သေးငယ်တဲ့ မှိုပိုးလေးတွေဟာ လေထဲမှာ ပျံ့လွင့်နေတတ်ပြီး စိုစွတ်တဲ့ မြေအောက်ခန်း၊ ဂိုထောင်၊ ရေချိုးခန်းတွေနဲ့ မြက်ပင် ပေါင်းပင်တွေကြားမှာ ပေါက်ရောက်နိုင်ပါတယ်။
ရောဂါလက္ခဏာတွေကတော့ သာမန် ဓာတ်မတည့်လက္ခဏာများဖြစ်တဲ့ နှာစေး၊ နှာချေ၊ ချောင်းဆိုးပြီး မျက်ရည်တွေ ကျတတ်တာမျိုး ဖြစ်နိုင်ပါတယ်။
သောက်ဆေးတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ မှိုပေါက်စေနိုင်တဲ့ နေရာတွေဖြစ်တဲ့ ရေယိုနေတဲ့ ရေပိုက်ခေါင်းတွေ၊ မှိုတွယ်နိုင်တဲ့အပင်တွေ စတာတွေကို ဖယ်ရှားပြင်ဆင်ပေးသင့်ပါတယ်။
4. အိမ်မွေးတိရစၦာန်များ
ခွေးတွေ၊ ကြောင်တွေက ကုတ်ထုတ်လိုက်တဲ့ အမွေးတွေ၊ အသားစတွေအပြင် တိရစာၦန်အရေပြားမှာရှိတဲ့ အဆီဂလင်းတွေ၊ တံတွေးမှာပါတဲ့ ပရိုတင်းဓာတ်တွေနဲ့လည်း ဓာတ်မတည့်တာရှိတတ်ပါတယ်။
ရောဂါလက္ခဏာတွေကတော့ ထုံးစံအတိုင်းဖြစ်ပြီး ဒီလိုရောဂါလက္ခဏာတွေ ပေါ်လာဖို့ 2 နှစ်ကျော်လောက် ကြာနိုင်ပါတယ်။ တိရစာၦန်တွေနဲ့ အထိအတွေ့မရှိတော့မှသာ ပျောက်ကင်း သက်သာလာမှာ ဖြစ်ပါတယ်။ အိမ်မွေးတိရစာၦန် မရှိသူတွေမှာလည်း ပိုးဟပ်ကြောင့် ဖြစ်နိုင်ပါသေးတယ်။
တိရစာၦန်တွေနဲ့ ဖြစ်နိုင်ရင် ခပ်ဝေးဝေးနေပါ။ ခွေးတွေ၊ ကြောင်တွေကို အိပ်ရာ၊ ခုတင်တွေပေါ် မတက်ပါစေနဲ့။ ပုံမှန် ရေချိုးပေးပါ။
စတီးရိုက် နှာခေါင်းဖြန်းဆေးများ၊ Antihistamines တွေနဲ့ နှာပွင့်ဆေးတွေ သောက်နိုင်ဖြန်းနိုင်ပါတယ်။
ပိုးဟပ်နဲ့ ဓာတ်မတည့်ရင်တော့ အမှိုက်ပုံးတွေကို သေချာဖုံးအုပ်ပြီး ပုံမှန်ပစ်ပေးပါ။ လိုအပ်ရင် အင်းဆက်ပိုးမွှား ရှင်းလင်းရေးအဖွဲ့ကို ခေါ်ပါ။
5. အင်းဆက်ကိုက်ခြင်း
ဓာတ်မတည့်ခြင်း ဖြစ်စေနိုင်တဲ့ အင်းဆက်ပိုးတွေကတော့ ပျား၊ ပုရွက်စိတ် အနီကောင်များ၊ ပဒူကောင်၊ နကျယ်ကောင် စတာတွေပဲ ဖြစ်ပါတယ်။
အတုပ်ခံရတဲ့နေရာမှာ နာကျင်တာ၊ ရောင်ပြီး နီလာတာတွေလောက်သာ ဖြစ်တတ်ပေမယ့် အချို့လူတွေမှာ ပြင်းထန်စွာ ဓာတ်မတည့်မှုတွေ ဖြစ်လာပြီး အရေးပေါ်ကုသမှုတွေ လိုအပ်လာတတ်ပါတယ်။
>> ပြင်းထန်စွာ ဓာတ်မတည့်ခြငး်ရဲ့ လက္ခဏာတွေကတော့ -
● အသက်ရှူကျပ်ခြင်း
● အသံသြလာခြင်း
● တရွှီရွှီမြည်ခြင်း
● မျက်နှာ၊ မျက်ခွံ၊ နား၊ လက်တွေ၊ ခြေတွေ ဖောလာခြင်း
● ဗိုက်အောင့်ခြင်း၊ ပျို့အန် ဝမ်းလျှောခြင်း
● မူးမေ့လဲခြင်း
အကိုက်မခံရအောင် အရောင်တောက်တောက် အဝတ်တွေကို ရှောင်ပါ။ ပိုးသတ်လိမ်းဆေး ဆောင်ထားပါ။ ဓာတ်မတည့် ကာကွယ်ဆေးများ ကြိုထိုးသွားပါ။
အကိုက်ခံရတဲ့အခါမှာတော့ ပိုးကောင်နဲ့ ဝေးရာကို သွားပြီး Antihistamine ချက်ချင်းသောက်ပါ။ အကိုက်အခဲပျောက်ဆေး သောက်ပေးပြီး ရေခဲလေ းအုံပေးပါ။ ပြင်းထန် ဓာတ်မတည့်လက္ခဏာများ ပေါ်လာပါက 911 ကိုခေါ်ပြီး ဆေးရုံသာ ချက်ချင်းပြေးပါ။
6. Latex
လက်အိတ်၊ ကွန်ဒုံး စတာတွေမှာပါတဲ့ Latex အမှုန်လေးတွေကို ဓာတ်မတည့် ဖြစ်တတ်ပါတယ်။ သာမန် ဓာတ်မတည့်လက္ခဏာတွေပဲဖြစ်ပြီး ရှားရှားပါးပါး ပြင်းထန်ဓာတ်မတည့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
Antihistamine သောက်ပေးနိုင်ပြီး ပြင်းထန်ပါက ဆေးရုံသွားပါ။
Latex ပါတဲ့ပစ္စည်းတွေကို ရှောင်ပါ။
7. အစားအစာများ
ဓာတ်မတည့်စေတဲ့ အစားအစာတွေကတော့ နို့၊ ငါး၊ အခွံပါ ပင်လယ်စာများ၊ မြေပဲ၊ ပဲနို့၊ ဂျုံနဲ့ ဥတို့ ပါဝင်ပြီး မိနစ်ပိုင်းအတွင်းမှာတင် ရောဂါလက္ခဏာတွေ ပြလာနိုင်ပါတယ်။ ရောဂါလက္ခဏာများမှာ ပြင်းထန်မှု အဆင့်ဆင့် ရှိနိုင်ပြီး တစ်ခါတစ်ရံ ပြင်းထန်ဓာတ်မတည့်မှုကို ကာကွယ်ဖို့ တစ်သက်လုံး မြေပဲ ရှောင်ရတာမျိုး ရှိနိုင်ပါတယ်။
ရောဂါလက္ခဏာများကတော့ -
● အသက်ရှူကျပ်ခြင်း
● တစ်ကိုယ်လုံး အဖုအပိန့်တွေထခြင်း
● အန်ခြင်း
● ဝမ်းလျှောခြင်း
● ပါးစပ်နားတစ်ဝိုက် ရောင်လာခြင်းတို့ ဖြစ်တတ်ပါတယ်။
ဖြစ်စေနိုင်တဲ့ အစားအစာတွေကို ရှောင်ကြဉ်တာက အကောင်းဆုံး ဖြစ်ပါတယ်။
ဓာတ်မတည့်ရောဂါ ရှိသူတွေဟာ Epineohrine auto-injector ဆိုတဲ့ ကိုယ့်ဟာကိုယ် အရေးပေါ်ထိုးတဲ့ဆေးကို ဝယ်ထားသင့်ပါတယ်။ ပြင်းထန်ဓာတ်မတည့်ဖြစ်ပါက ဆေးရုံကို အလျင်အမြန် ပြေးသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























