ဓာတ်လှေကားပေါ်မှာရှိတဲ့ ခလုတ်တွေကနေတစ်ဆင့် Covid-19 ရောဂါ ကူးစက်နိုင်ပါသလား
ယခုအခါ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို ဖြစ်စေတဲ့ Covid-19 ဟာ မြန်မာပြည်ကို ရောက်ရှိနေပြီဖြစ်တာမို့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တိုင်းဟာ မိမိနဲ့တကွ မိသားစုပတ်ဝန်းကျင်ကို ကာကွယ်ဖို့ အကျိုးရှိလာပါပြီနော်။
● မကြာသေးမီက တင်ပြမှုတစ်ခုအရဆိုရင် ရောဂါကူးစက်ခံရသူတစ်ဦးရဲ့ နေအိမ်ရှိ တံခါးလက်ကိုင်ဖုမှာ ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ပါတယ်။
● ဒီဗိုင်းရပ်စ်ဟာဆိုရင် ရောဂါရှိသူရဲ့ ကိုယ်ခန္ဓာမှ အမှုန်အမွှားတွေကနေတစ်ဆင့် အများဆုံးကူးစက်တာဖြစ်လို့ ဒီအမှုန်အမွှားတွေဟာ နေရာတစ်ခုခု သို့မဟုတ် ပစ္စည်းတစ်ခုခုအပေါ်မှာ တင်နေတယ်ဆိုပါက ထိုပစ္စည်းကို ထိတွေ့မိတဲ့ အခြားလူတစ်ဦးကိုပါ ရောဂါကူးစက်ပါလိမ့်မယ်။
● ပညာရှင်များရဲ့အဆိုအရ ရောဂါရှိသူဆီကနေ တိုက်ရိုက်ကူးစက်ခြင်းထက်စာရင် ရောဂါရှိသူနဲ့ ထိတွေ့ခဲ့တဲ့ အရာဝတ္ထုများကနေတစ်ဆင့် ကူးစက်နိုင်ခြေက ပိုမြင့်မားတယ်လို့ သိရပါတယ်။
● ရောဂါရှိနေသူက ကျွန်မတို့ရှေ့မှာ ချောင်းဆိုးလိုက်တာမျိုး ဒါမှမဟုတ် သင် ဓာတ်လှေကားထဲ မဝင်ခင် စက္ကန့်အနည်းငယ်လောက်က ထိုအထဲမှာ ချောင်းဆိုးထားတာမျိုးကနေတစ်ဆင့် ကျွန်မတို့ဆီကို ထိုရောဂါပိုး ရောက်လာနိုင်တယ်နော်။
● ဒါကြောင့် သင့်အနေနဲ့ မဖြစ်မနေ လိုက်နာပေးဖို့ကတော့ လူစုလူဝေး ရှောင်ကြဉ်ဖို့ပဲ ဖြစ်ပါတယ်။
● အပြင်မထွက်လို့မဖြစ်တဲ့ အခြေအနေမျိုးမှာတော့ ဓာတ်လှေကားနဲ့ အများသုံးအိမ်သာတွေကို အထူးသတိထားပြီး ထိတွေ့အသုံးပြုဖို့ သတိပြုပါ။
● တကယ်လို့ တစ်စုံတစ်ယောက်ဟာ သင့်ထက် အရင် စက္ကန့် ၃၀ သို့မဟုတ် တစ်မိနစ်လောက်မှာ ဓာတ်လှေကားကို အသုံးပြုထားတယ်ဆိုပါက သင့်အနေနဲ့ တိုက်ရိုက်ကူးစက်နှုန်း နည်းပါးတယ် ဆိုပေမယ့်လည်း သူ ထိတွေ့ခဲ့တဲ့ ဓာတ်လှေကားခလုတ်စတဲ့ အရာတွေကနေတစ်ဆင့် ကူးစက်နှုန်းကတော့ မြင့်မားနေပါသေးတယ်။
● လူတိုင်းလိုလိုဟာ mask တွေတပ်ဖို့ မမေ့ပေမယ့် လက်တွေကို ကာကွယ်ဖို့တော့ သတိပြုကြခြင်း နည်းပါးနေပါသေးတယ်။ တကယ်တမ်းကတော့ ဓာတ်လှေကားဆိုတာ လူအများကြီးရဲ့ လက်ပေါင်းများစွာနဲ့ ထိတွေ့ထားတဲ့အပြင် အလုံပိတ်နေရာတစ်ခုလည်း ဖြစ်နေတာမို့ ရောဂါကူးစက်နိုင်ခြေ အလွန်များတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။
● ဒါကြောင့် ဓာတ်လှေကားခလုတ်တွေကို လက်နဲ့ တိုက်ရိုက်ကိုင်မယ့်အစား တံတောင်နဲ့ထိခြင်း၊ တစ်ရှူးနဲ့ကိုင်ခြင်း၊ ဘောပင် စတဲ့ အချောင်းတစ်ခုခုနဲ့ ထိခြင်းတို့ ပြုလုပ်ပါ။
ထို့အပြင် တတ်နိုင်သမျှ အိမ်ထဲမှာနေခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လက်ဆေးခြင်း၊ အာဟာရပြည့်ဝအောင် စားခြင်းဖြင့် သင်နဲ့ သင့်မိသားစုကို ကပ်ဘေးကနေ ကာကွယ်ကြရအောင်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























