နာတာရှည်ကျောက်ကပ်ရောဂါရှိသူတွေအနေနှင့် မှန်ကန်သော အစားအစာရွေးချယ်နည်းများ
ကျောက်ကပ်ရောဂါရှိသူတွေဟာ အခြားရောဂါရှိသူများထက်စာရင် အစားအသောက်၊ အနေအထိုင် ပိုမိုဆင်ခြင်ရတာကို အားလုံးသိကြပြီးဖြစ်ပါလိမ့်မယ်။
မှန်ကန်သောအစားအစာများကို နေ့စဉ်စားခြင်းဖြင့် ကျောက်ကပ်ရောဂါကို ကောင်းစွာထိန်းချုပ်နိုင်မှာဖြစ်ပြီး ကျောက်ကပ်ရဲ့စွမ်းဆောင်ရည်ကိုလည်း ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။
>> ဒီလိုမှန်ကန်စွာ စားသောက်ဖို့အတွက် အောက်ပါအဆင့်တွေအလိုက် လိုက်နာရမှာ ဖြစ်ပါတယ်။
အဆင့် (၁) - ဆားပါဝင်မှုနည်းသော အစားအစာများကို ရွေးချယ်ပါ
ကျောက်ကပ်ရောဂါရှိသူတွေအနေနှင့် သွေးပေါင်ကို ပုံမှန်အတိုင်း ထိန်းညှိဖို့လိုတဲ့အတွက် ဆားကို တစ်နေ့တာအတွက် ၂၃၀၀mg အောက်သာ စားသုံးသင့်ပါတယ်။
● ဆားပါဝင်မှုများသော အသင့်စားအစာများ၊ စည်သွပ်ဘူးများကို ရှောင်ပြီး ကိုယ်တိုင်လတ်ဆတ်စွာ ချက်ပြုတ်စားသ့င်ပါတယ်။
● Salt free လို့ ရေးထားသော စားသောက်ကုန်များကို ဦးစားပေးစားနိုင်ပါတယ်။
အဆင့် (၂) - ပရိုတင်းကို လုံလောက်သော ပမာဏသာ စားပေးပါ
● ခန္ဓာကိုယ်ကနေ ပရိုတင်းများကို အသုံးပြုရလေလေ ကျောက်ကပ်က စွန့်ထုတ်ရသော အညစ်အကြေးများလေလေ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ကျောက်ကပ် မကောင်းသူတွေအနေနှင့် ပရိုတင်းပမာဏကို ချင့်ချိန်စားပေးရပါတယ်။
● ပရိုတင်းစားတဲ့နေရာမှာ တိရစ္ဆာန်များကရသော ပရိုတင်းများဖြစ်တဲ့ ကြက်သား၊ ငါး၊ အသားအမျိုးမျိုး၊ ကြက်ဥ၊ နို့ထွက်ပစ္စည်းများနှင့် အပင်ထွက်ပရိုတင်းဖြစ်တဲ့ ပဲများ၊ အစေ့အဆံများ၊ ဂျုံ စသည်တို့ိကို မျှတအောင် စားပေးရမှာ ဖြစ်ပါတယ်။
အဆင့် (၃) - နှလုံးကျန်းမာရေးကောင်းစေသော အစားအစာများကို ရွေးချယ်ပါ
နှလုံးနှင့်ကျောက်ကပ်သွေးကြောများမှာ အဆီများစုပုံခြင်းကို တားဆီးပေးမယ့်အစားအစာများကို ရွေးချယ်ပါ။
● ဆီကြော်စာများအစား ကင်ခြင်း၊ ဖုတ်ခြင်း၊ ပြုတ်ခြင်း၊ အခြောက်ကြော်ခြင်း ပြုလုပ်ထားသော အစာများကိုသာ စားပါ။
● ငါး၊ ပဲ၊ သစ်သီးနှင့်ဟင်းသီးဟင်းရွက်များကို နေ့စဉ်စားပါ။ အဆီထုတ်ထားသော နို့နှင့်ဒိန်ချဉ် သောက်သုံးနိုင်ပါတယ်။
အဆင့် (၄) -ဖော့စ်ဖရပ်စ် ပါဝင်မှုနည်းသော အစားအသောက်များကို ရွေးချယ်ပါ
ကျောက်ကပ်ရောဂါရှိသူများအနေနှင့် သွေးထဲတွင် ဖော့စ်ဖရပ်စ်များ စုပုံနေတတ်ပါတယ်။ ဒီလိုစုပုံနေပါက အရိုးတွင်းရှိ ကယ်လ်စီယမ်ဓာတ်များကို လျော့ကျစေပြီး အသားအရေယားခြင်း၊ အရိုးများနာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
● ဒါကြောင့် ဖော့စ်ဖရပ်စ်များသောအစာများဖြစ်တဲ့ အသား၊ ငါး၊ ကွေကာအုတ်၊ နို့ထွက်ပစ္စည်းများ၊ ပဲနှင့် အစေ့အဆံများ၊ ဆိုဒါပါသောအချိုရည်များကို လျှော့စားသင့်ပါတယ်။
အဆင့် (၅) - ပိုတက်ဆီယမ်ပမာဏ မျှတအောင် စားသုံးပါ
ပိုတက်စီယမ်များခြင်း (သို့) နည်းခြင်းကြောင့် အာရုံကြောပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ်ရောဂါရှိသူတွေရဲ့ သွေးထဲမှာ သာမန်ထက် ပိုတက်စီယမ်များ စုပုံနေနိုင်တဲ့အတွက် နေ့စဉ်စားသောက်မှုမှာ ပိုတက်စီယမ်ကို သထိထားပြီး စားသုံးပါ။
● ပိုတက်စီယမ်များသော အစားအစာတွေဖြစ်တဲ့ လိမ္မော်သီး၊ ငှက်ပျောသီး၊ အာလူး၊ ခရမ်းချဉ်သီး၊ ဆန်လုံးညို၊ ဆန်ကြမ်း၊ ပေါင်မုန့်၊ ပဲတို့ကို အလွန်အကျွံစားတာမျိုး မပြုလုပ်သင့်ပါဘူး။
အထက်ပါအချက်တွေအပြင် အရက်နှင့် ဆေးလိပ်သောက်ခြင်းကိုလည်း တတ်နိုင်သမျှ ဖြတ်နိုင်အောင် ကြိုးစားသင့်ပါတယ်။
လတ်ဆတ်သန့်ရှင်းသော အစားအစာတွေကိုသာ စားသင့်ပြီး အသင့်စားအစာများ၊ ဆိုးဆေးပါသောအစားအသောက်များကို ရှောင်ရှားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























