/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နာတာရှည်ကျောက်ကပ်ရောဂါ-သို့-အသံတိတ်လူသတ်သမား

နာတာရှည်ကျောက်ကပ်ရောဂါ (သို့) အသံတိတ်လူသတ်သမား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နာတာရှည်ကျောက်ကပ်ရောဂါ ဆိုတာကတော့ ကျောက်ကပ်တွေ ပျက်စီးပြီးတော့ လုပ်ဆောင်နိုင်စွမ်းတွေ ကျဆင်းလာကာ မကျန်းမမာဖြစ်စေတဲ့ အခြေအနေတစ်ခုပါ။ ကျောက်ကပ်ရဲ့ အဓိကလုပ်ငန်းကတော့ သွေးထဲက စွန့်ပစ်ပစ္စည်းတွေကို ဆီးအဖြစ်မပြောင်းလဲခင်မှာ စစ်ထုတ်ပေးဖို့ပဲ ဖြစ်ပါတယ်။

          ဒါ့အပြင် ကျောက်ကပ်က -

•        သွေးပေါင်ချိန်ကို ထိန်းညှိရာမှာ ကူညီပေးပါတယ်

•        ခန္ဓာကိုယ်ထဲမှာ ဓာတုပစ္စည်းတွေ ပမာဏ မှန်မှန်ကန်ကန်ရှိစေခြင်းအားဖြင့် နှလုံးနဲ့ ကြွက်သားတွေ ပုံမှန်လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။

•        အရိုးတွေ ကျန်းမာစေဖို့အတွက် ဗီတာမင် D ကို ထုတ်လုပ်ပေးတယ်။

•        သွေးနီဆဲလ်တွေ ထုတ်လုပ်တာကို လှုံ့ဆော်ပေးတဲ့ erythropoietin လို့ခေါ်တဲ့အရာကို ထုတ်လုပ်ပေးပါတယ်။

          နာတာရှည်ကျောက်ကပ် ပျက်စီးလာတဲ့အခါမှာ ရေရှည်မှာ ကျောက်ကပ်က ဒီလုပ်ငန်းတွေကို လုပ်ဆောင်နိုင်စွမ်းတွေ ကျဆင်းလာပါတယ်။ အများအားဖြင့်တော့ ဆီးချို၊ သွေးတိုး စတဲ့ ရောဂါတွေကြောင့် ကျောက်ကပ် ပျက်စီးတာ များပါတယ်။ ကျောက်ကပ်ရောဂါ ပိုဆိုးလာရင် သွေးထဲမှာ စွန့်ပစ်ပစ္စည်းတွေ အရမ်းများလာပြီးတော့ နေမကောင်းဖြစ်လာမယ်။ ပြီးတော့ သွေးတိုး၊ သွေးအားနည်း၊ အရိုးတွေအားနည်း၊ အာဟာရဆိုင်ရာပြဿနာတွေနဲ့ အာရုံကြောပျက်စီးတာလို်မျိုး နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာမယ်။ နာတာရှည်ကျောက်ကပ်ရောဂါ ရှိတဲ့လူတွေမှာ သွေးလှည့်ပတ်မှု အပြောင်းအလဲတွေကြောင့် နှလုံးတိုက်ခိုက်ခံရနိုင်ချေလည်း ပိုများလာပါတယ်။ ဒီပြဿနာတွေက ချက်ချင်းကြီးဖြစ်တာမျိုး မဟုတ်ဘဲနဲ့ အချိန်အတော်ကြာမှာ ဖြည်းဖြည်းချင်းစီ ဖြစ်လာတာပါ။ ကျောက်ကပ်ရောဂါကို စောစောသိပြီးတော့ စောစောကုသနိုင်ရင်တော့ ပိုမဆိုးအောင် ထိန်းထားနိုင်ပါတယ်။

          ဒီတော့ ကိုယ့်မှာ ဒီအချက်တွေရှိနေရင် ကျောက်ကပ် စစ်ဆေးပြီးတော့ လိုအပ်ပါက ကုသမှုခံယူဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

•        ဆီးချိုရောဂါ

•        သွေးတိုး

•        အဝလွန်သူ

•        ဆေးလိပ်သောက်သူ

•        အသက် ၅၀ ကျော်လာရင်

•        မိသားစုမှာ ကျောက်ကပ်ရောဂါ၊ ဆီးချို၊ သွေးတိုး စတာတွေရှိရင်

•        ခြေထောက်တွေရောင်နေရင်

          ကျောက်ကပ်ရောဂါကို စစ်နိုင်တဲ့ ရိုးရှင်းတဲ့ စစ်ဆေးနည်း ၃ ခုကတော့ သွေးပေါင်ချိန်ခြင်း၊ ဆီးစစ်ခြင်းနဲ့ သွေးတွင်း ကျောက်ကပ်အဆိပ်ဓာတ် (creatinine) စစ်ဆေးခြင်းတို့ ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါကို စောစောသိပြီ ဆိုရင်တော့ ပိုမဆိုးသွားအောင် ပုံမှန်ကုသမှု ခံယူသင့်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)