နာတာရှည်ရောဂါ ခံစားနေရပေမယ့် ဒီလိုလေးတွေ တွေးကြည့်ပြီး ဆက်လက်ရှင်သန်မယ်
ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ စသည်ဖြင့် နာတာရှည်ရောဂါ ကျောက်ကပ်ရောဂါတွေ ခံစားနေရသူတွေအတွက်ပါ။ နှလုံးသားထဲက ယခင်အတွေးအခေါ်တွေကို နက်နက်ရှိုင်းရှိုင်း အမြစ်ကနေ ထိုးလှန်လိုက်ပြီး အလှသစ်နဲ့ ဘဝစစ်ကို ပြောင်းလဲရှုမြင်ကြည့်ရအောင်။
● ပြဿနာတွေချည်း၊ မကောင်းတာတွေချည် တွေးနေတာ အကျင့်ကြီးပါနေပါပြီ။ ကောင်းတာလေးတွေချည်း ပြောင်းတွေးကြည့်ပါလား။ ဘဝဟာ သင့်ကို ပျော်ရွှင်စရာတွေ ပေးခဲ့ဖူးတယ်။ မျှော်လင့်ချက်အပြည့်နဲ့ ဆက်အသက်ရှင်နေတယ်ဆိုတာလေးတွေ ပြောင်းပြောကြည့်ကြမလား။
● ကိုယ့်ဘဝကို သူများနဲ့ နှိုင်းယှဉ်တာ မပင်ပန်းဘူးလား။ သူများတွေကျ ကျန်းမာနေပြီး ငါ့ကျမှ ဒီလိုဖြစ်ရတယ်လို့တွေးမယ့်အစား ငါ့ဘဝကို ဘယ်လိုသာယာအောင် နေကြည့်မယ် ဆိုတာလေးတွေ စဉ်းစားအကွက်ချကြည့်ရအောင်။
● အတိုင်းမသိ ငြိမ်းချမ်းမှု၊ ယုံကြည်သက်ဝင်မှုဟာ လူတယောက်ကို မျှော်လင့်ချက်တွေနဲ့ လင်းလက်လာစေပြီး ကံဆိုးတာတွေကနေ ဆွဲထုတ်ကာ ကောင်းမွန်သာယာတဲ့ဘဝက ိုရရှိစေတာလို့ ယူဆရပါတယ်။ နေ့စဉ်နေ့တိုင်း အကောင်းလေးတစ်ခုတော့ ဖြစ်လာမှာပဲဆိုတဲ့ အတွေးနဲ့ နိုးထကြည့်ပါ။ မနက်တိုင်း မျှော်လင့်ချက်နဲ့ ဆက်လက်ရှင်သန်သူမှာ အတွေးညစ်၊ အတွေးဆိုးတွေ မဝင်နိုင်ပါဘူး။
● ငါ လျှောက်နေရတဲ့လမ်းက တခြားစီပါ။ သူတို့ဘဝမှာလည်း ပျော်စရာချည်းတော့ ပြည့်မနေပါဘူး။ သူတို့လည်း တစ်ချိိန်ချိန်မှာ ဒုက္ခတစ်ခုခုတော့ ခံလာရဦးမှာပဲ။ ဘဝဟာ လူတိုင်းအတွက် ပြီးပြည့်စုံအောင် လုပ်မပေးနိုင်ဘူး။ ဒါကြောင့် ငါ့ဘဝနဲ့ငါ သူ့ဘဝနဲ့သူပဲ။
● ဒီရောဂါတွေကို ငါ လိုချင်လို့ရတာ မဟုတ်ဘူး။ ဖြစ်လာတာကိုလည်း ငါ တားလို့မရဘူး။ ဒီတော့ ငါ့ဘဝကိုယ် ငါငြိမ်းချမ်းအောင်နေရမှာ ငါ့တာဝန် ဒီရောဂါကို ငါမပိုင်သလို ဒီခန္ဓာကိုလည်း ငါ မပိုင်ဘူး။ ဒါပေမဲ့ ငါ့စိတ်နဲ့ ငါ့နှလုံးသားကိုတော့ ငါပဲပိုင်ရမယ်။ ဘယ်လိုတွေးမယ်ဆိုတာ ငါဆုံးဖြတ်ရမှာ။ ငြိမ်းချမ်းဖို့က ငါ့ရဲ့ပန်းတိုင်။
● အဆုံးသတ်မှာ ပျော်ရွှင်ခြင်းတစ်ခုခု ရောက်လာရမယ်။ အကောင်းမလာသေးရင် ဒါက ဇာတ်လမ်းမပြီးသေးလို့ပဲ။ ဆက်ရှင်သန်မယ််ဆိုရင် ငါ့ဘဝဟာ အပျော်နဲ့ အဆုံးသတ်ရမှာ။
● ဒီဘဝကို ငါ ရလာတာဟာ ဘဝက သင့်ကိုခိုင်မာတယ်လို့် ယုံကြည်လို့။ ငါ ဘယ်လောက်ခိုင်မာတယ်ဆိုတာ သူတို့ကို ပြရမယ်။
● ဘဝမှာ အဆိုးဆုံးတွေ ကြုံပြီးပြီ။ ဒါပေမဲ့ ပိုကောင်းတဲ့ရက်တွေကို ငါ မျှော်လင့်နေတုန်း။ ဘဝက ငါ့ကို ထင်သလို အလဲမထိုးနိုင်ပါဘူး။ ငါ့ခန္ဓာကိုယ်က ရောဂါကို သေချာပေါက် အနိုင်တိုက်နိုင်တယ်။
● သင်ဟာ သင်ထင်တာထက် ပိုမိုသန်မာပါတယ်။ လမ်းဆုံးပြီလို့ ထင်တဲ့အချိန်တိုင်းမှာ သင့်ခန္ဓာကိ်ုယ် နှလုံးသားနဲ့ ဦးနှောက်ဟာ ပိုမိုခိုင်မာတောင့်တင်းတဲ့ အခြေအနေတစ်ခုအဖြစ် အသွင်ပြောင်းပြီး ပိုကောင်းတဲ့ လူတစ်ယောက်အဖြစ် ဖန်တီးပေးမှာပါ။ ဒါကြောင့် ရောဂါကို အလွယ်တကူ ဦးမညွှတ်လိုက်ပါနဲ့။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























