နားစည် ပေါက်ထွက်တာ ကြောက်စရာ
နားစည်ဆိုတာ အသံဝင်လာရင် လက်ခံပြီးတော့ တုန်ခါပေးတဲ့ အလွှာပါးလေး ဖြစ်တယ်။ သူက တုန်ခါပေးလို့သာ နားကြားရတာပါ။ ဒါကြောင့် နားစည် ပေါက်ထွက်သွားရင် နားမကြားရတော့ဘူး။
ကဲ၊ ဒါဆိုရင် ဒီလောက်ကြောက်စရာကောင်းတဲ့ နားစည်ပေါက်တာ ဘာကြောင့်ဖြစ်လဲ ကြည့်ရအောင်နော်။
● နားပိုးဝင်တာ : နားပိုးဝင်ရင် အထဲမှာ အရည်တွေစုလာပြီး ပေါက်ထွက်တတ်ပါတယ်။
● ဖိအားပြောင်းလဲတာ : ရေအောက်ငုပ်တာ၊ လေယာဉ်စီးတာ၊ တောင်တက်တာ၊ နားကို ရိုက်မိတာ စသဖြင့် ဒီလိုအခြေအနေတွေမှာ ဖိအားမညီမျှဘဲ နားစည် ပေါက်တတ်တယ်။
● နားကို ထိခိုက်မိတာ : နားကိုပဲဖြစ်ဖြစ်၊ ခေါင်းဘေးကိုပဲဖြစ်ဖြစ် ခိုက်မိတာ၊ နားထဲ ပစ္စည်းတစ်ခုခု ထည့်တာ၊ အသံကျယ်ကြီးတွေကြောင့် ဖြစ်တတ်တယ်။
နားစည်ပေါက်ရင် ဘယ်လိုလက္ခဏာတွေနဲ့ လာတတ်တယ်ဆိုတာ သိထားသင့်တယ်နော်။
● နာတာ
● အရည်တွေ ထွက်လာတာ (အရည်ကြည်၊ သွေး၊ ပြည်)
● ခဏတာ အကြားအာရုံ ချို့ယွင်းတာ
● နားအူတာ၊ မူးဝေတာတွေ ဖြစ်တတ်တယ်။
>> နားစည်ပေါက်တာ သေချာအောင်ဆိုရင် -
● နားကထွက်တဲ့ အရည်ကို ပိုးစစ်တာ
● နားထဲကြည့် ပစ္စည်းလေးနဲ့ ထိုးကြည့်တာ
● အကြားအာရုံကို စစ်ဆေးတာ
● နားဖိအား စစ်ဆေးတာ
ဒီလိုစစ်ဆေးမှုတွေ လိုနိုင်တယ်။ ပိုပြီး စစ်ကြည့်ဖို့လိုရင် နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ဆီ လွှဲပေးလိမ့်မယ်။
>> နားစည် ပေါက်သွားပြီဆိုရင် ဘယ်လိုကုကြမလဲ?
ဖာခြင်း : ပေါက်သွားတဲ့နေရာမှာ ပလာစတာလေးလို အဖတ်ကလေးကပ်ထားတာပါ။
ပိုးသတ်ဆေး
ခွဲစိတ်ခြင်း : တစ်ခါတလေ ခွဲစိတ်ပြီး ပြန်ဖာဖို့ လိုနိုင်တယ်။
>> အိမ်မှာရော ဘယ်လိုတွေ သက်သာအောင် လုပ်လို့ရနိုင်မလဲ?
နာတာ သက်သာအောင် အကိုက်အခဲပျောက်ဆေး သောက်ပြီး နားကို အပူအိတ်လေး ကပ်ပေးပါနော်။
နားအူတာ သက်သာအောင် နားမှုတ်ထုတ်တာမျိုး မလုပ်နဲ့နော်။ နားထဲ ဖိအား ပိုများလာနိုင်တယ်။
ဆရာဝန် မထည့်ခိုင်းဘဲ နားထည့်ဆေးတွေ မထည့်နဲ့။
>> ကလေးတွေမှာ နားစည်ပေါက်ရင်
ကလေးတွေရဲ့နားစည်ဟာ ပါးပြီး နူးညံ့တဲ့အတွက် ပိုပြီးပေါက်လွယ်ပါတယ်။ နားကြပ်တံ၊ ခဲတံတွေကြောင့် ပေါက်တတ်တယ်။
နား ပိုးဝင်လို့ ပေါက်တာ ပိုများတယ်။ အထူးသဖြင့် နေ့ကလေးထိန်းမှာ နေရတဲ့ကလေးတွေနဲ့ နို့ဘူး လှဲစို့ရတဲ့ကလေးတွေမှာ ပိုဖြစ်နိုင်တယ်။
ဒါကြောင့် ကလေးမှာ -
● နားကိုက်တာ
● နားပြည်တွေ သွေးတွေယိုတာ
● ပျို့အန်တာ၊ ခေါင်းမူးတာ
● နားအူတာတွေရှိရင် ဆရာဝန်နဲ့ ပြပေးပါ။
ကလေးတွေမှာ နားစည်ပေါက်ရင် အကြားအာရုံ ချိူ့ယွင်းနိုင်တဲ့အတွက်ကြောင့် ကလေးကို နားထဲပစ္စည်းတွေ မထည့်ဖို့ သင်ပေးပါ။ ဖျားတုန်း၊ ထိပ်ကပ်နာထတုန်း လေယာဉ် မစီးစေနဲ့နော်။
ပျောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အရေးကြီးလာပြီပေါ့။
ဘာထွေထွေထူးထူး ကုသမှုတွေမှ မလိုတတ်ပါဘူး။ ခဏတဖြုတ်လေးပဲ အကြားအာရုံ ထိခိုက်ပြီး ကုသပြီး မကြာခင်မှာတင် ပြန်ကောင်းတတ်တယ်။
အရေးကြီးတာ နောက်ထပ်မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ ဆိုတာပါပဲနော်။
● နောက်ထပ် ပိုးမဝင်အောင် ခြောက်ခြောက်သွေ့သွေ့ထားပါ။
● နားထဲ ရေမဝင်အောင် နားအဆို့ စိုပြီး ရေချိုးပါ။
● နားမကောင်းမချင်း ရေမကူးနဲ။
● ပိုးဝင်ရင် ချက်ချင်းကုပါ။
● နားဖိအား ညီမျှအောင် ပီကေ ဝါးတာ၊ သန်းတာမျိုး လုပ်ပေးပါ။
● နားဖာချေးတွေကို အတင်း ကလော်တာမျိုး မလုပ်နဲ့နော်။
● အရမ်းဆူဆူညံညံတွေ ကြားရမယ်မှန်း သိရင် နားအစို့ စို့ထားပေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)





























