နားပေါက်ပြဲခြင်း
အလှကြိုက်သူ ပျိုပျိုမေတို့အတွက် နားဆွဲတွဲလောင်းလေးတွေ၊ ကွင်းကြီးတွေဟာ ဒေါက်ဖိနပ်တွေလိုပဲ ခေတ်ကာလအရ လှတာကလှပေမယ့် ကျန်းမာရေးအတွက်တော့ မကောင်းပါဘူးနော်။ ဒီလိုလေးလံလှတဲ့ နားကွင်းတွေ၊ နားဆွဲတွေကြောင့် နားပေါက်ပြဲတတ်ပါတယ်။ သေးသေးလေးပြဲတာကတော့ အချိန်တန်ရင် သူ့ဟာသူအနာကျက်သွားမှာပါ။
ဒါပေမဲ့ အနာမကျက်ဘဲ အပြဲကြီးဖြစ်နေရင်၊ နားပေါက်ကြီးကျယ်နေရင် ဘယ်လိုလုပ်ကြမလဲ?
မွန်ဘိုင်း အပိုလိုစပက်ထရာဆေးရုံ၊ နား နှာခေါင်း လည်ချောင်း အထူးကုဆရာဝန်ကြီး ဒေါက်တာအရှင်းမ် ဒီဆိုင်းပြောပြထားတဲ့ နားပေါက်ပြဲဒဏ်ရာ ကုသနည်းတွေ၊ ကာကွယ်နည်းတွေကို တစ်ဆင့်ပြန်လည် ပြောပြပေးသွားပါမယ်နော်။
တကယ်လို့ ရောင်ရမ်းတာ၊ ပြည်တည်တာ၊ နားတစ်ရှူးတွေ ဓာတ်မတည့်တာတစ်ခုခု ဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါပြီ။ တစ်ခါတလေ နားအသားဆွဲဆန့်ထားသလို ပါးပြီးကျယ်သွားတဲ့အခါမျိုးကျတော့ ကုရတာ နည်းနည်းခက်သွားတတ်တယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ နောက်ဆုံးပေါ် ခွဲစိတ်ကုသနည်းတွေက နားရွက်ကို ပုံမှန်ပုံအတိုင်းဖြစ်သွားအောင် ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။
များသောအားဖြင့်တော့ နည်းနည်းပါးပါး ပြဲတာလောက်ဟာ အချိန်တန်ရင် အနာကျက်ပြီး ပြန်ကောင်းသွားတာပါပဲ။ တစ်နေ့လုံး အကြိမ်ကြိမ် အစိုထိန်းလိမ်းဆေးလေးတစ်ခုခု စွဲလိမ်းထားပေးရုံနဲ့ ထပ်ပြီးပြဲမထွက်လာအောင် ကာကွယ်ပေးထားနိုင်ပါတယ်။ ပြီးတော့ နားကပ်တွဲလောင်းတွေကို ဒီ၃-၄ ပတ်အတောအတွင်း မဆွဲပါနဲ့ဦး။ ပြဲတာ ပြန်မစိလာဘူး၊ အပေါက်ကြီး ကျယ်တယ်ဆိုရင်တော့ ခွဲစိတ်ကုသဖို့လိုနိုင်တာမို့ ဆရာဝန်နဲ့ပြရပါမယ်။ ခွဲစိတ်မှုဆိုလို့ မကြောက်သွားပါနဲ့။ ထုံဆေးလေးထိုးပြီး ပြန်ချုပ်ရုံပါပဲ။ အပေါက်ကိုပြန်ပြည့်စေဖို့ အသားဖြည့် fillerလေးတွေ ထိုးပေးဖို့လည်း လိုနိုင်ပါတယ်။ တစ်ခါတစ်လေ ရောင်ရမ်းတာတွေ၊ ပိုးဝင်ပြည်တည်တာတွေ သက်သာစေဖို့ စတီးရွိုက်ထိုးပေးလို့လည်း ရပါတယ်။
ဒါ့အပြင် ကာကွယ်ခြင်းထက် ကုသခြင်းက ပိုကောင်းတယ်ဆိုသလိုပဲ နားပေါက်ပြဲခြင်း မဖြစ်ရလေအောင် ဒီနည်းလမ်းလေးတွေကို လိုက်နာပေးဖို့ လိုပါတယ်။
နားကပ်အလေးကြီးတွေကိုလည်း တတ်နိုင်ရင် မဝတ်စေချင်ပါဘူး။ တဖြည်းဖြည်းနဲ့ နားပေါက် ကျယ်ကျယ်လာပြီး တစ်ချိန်ချိန် ပြဲသွားနိုင်လို့ပါ။
● အကျႌစွပ်နေတုန်းမှာ နားကပ်ကြီး မဝတ်ထားပါနဲ့။ အကျႌမှာ နားကပ် ငြိပါသွားတဲ့အခါ ဆွဲသလိုဖြစ်ပြီး နားပေါက် ပြဲနိုင်ပါတယ်။
● ကလေးလေးတွေကို ချီ၊ ချော့မြူတဲ့အခါ သတိထားပါ။ ကလေးလေးတွေဟာ တွဲလောင်းလေးတွေမြင်ရင် သိပ်ဆော့ချင်တာမို့ ဆွဲလိုက်ရင် နားပေါက်ပြဲသွားတတ်ပါတယ်။
● နားပေါက်ချုပ်ပြီးနောက် ၆ လလောက်အတွင်းမှာ နားပေါက် ပြန်မဖောက်သင့်ပါဘူး။ အနာတစ်ခုလုံးလုံးကျက်ပြီး နဂိုအသားခံနိုင်ရည်ပြန်ရဖို့ အနည်းဆုံး ၆ လလောက် စောင့်ရတတ်ပါတယ်။ ပြီးတော့ ပြန်ဖောက်တဲ့အခါလည်း ချုပ်ရာတည့်တည့်မှာ ပြန်မဖောက်ဘဲ ဘေးနားကပ်ရက်လေး ဖောက်ပေးဖို့လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























