နေမကောင်းတိုင်း ပဋိဇီဝဆေး တကယ်ရော လိုရဲ့လား?
အခန့်မသင့်လို့ နေမကောင်း၊ ဖျားနာကြတဲ့အခါ ပဋိဇီဝဆေး လို/မလို စဉ်းစားကြည့်ကြရအောင်။
တကယ်တော့ မကြာခဏ ဖြစ်တတ်တဲ့ နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေးရောဂါတွေဟာ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တာပါတဲ့။ ရုတ်တရက် ဖျားပြီ၊ နှာစေးပြီ၊ ညောင်းပြီဆိုရင် ပဋိဇီဝဆေးသောက်ဖို့ လိုတယ်ချည်း ဒက်ထိ မယူဆလိုက်ပါနဲ့။ ရေ ကောင်းကောင်းသောက်ပြီး အနားယူလိုက်ရင် မြန်မကြာ ပျောက်ကင်းသွားတတ်တဲ့ရောဂါတွေပါ။
>> ပဋိဇီဝဆေးဆိုတာ ဘာလဲ?
အဓိက,က ဘက်တီးရီးယားပိုးကို သတ်ပေးတာပါ။ ဒါဆို အအေးမိ နှာစေးတာတွေက ဗိုင်းရပ်စ်တွေကြောင့် အဖြစ်များနေလေတော့ ရောဂါနဲ့ဆေး တခြားစီ ဖြစ်မနေဘူးလား။
>> ဒါဆို ဗိုင်းရပ်စ်အတွက် ဆေးသောက်ဖို့ို လိုသလား?
များသောအားဖြင့် မလိုအပ်ပါဘူး။ ဗိုင်းရပ်ပိုးဟာ သူ့အလိုလို ဖယ်ခွာသွားတတ်ပြီး အချိန်တန်ရင် ပျောက်ကင်းသက်သာလေ့ ရှိပါတယ်။
>> ပဋိဇီဝဆေးတွေ မလိုဘဲသောက်ရင် ဘာဖြစ်မလဲ?
● ဆေးယဉ်ပါးရောဂါ ရပါမယ်။ ထစ်ခနဲဆို ကောက်သောက်လိုက်ရင်း ကိုယ်ထဲက ရောဂါပိုး အနည်းအကျဉ်းဟာ ဆေးကို ယဉ်သွားပြီး နောက်တစ်ကြိမ် ဆေးမတိုးတော့ပါဘူး။
● ခန္ဓာကိုယ်ရဲ့ ပုံမှန်အတားအဆီးကို ပျက်စေပါတယ်။ ပဋိဇီဝဆေးတွေဟာ လူ့ခန္ဓာကိုယ်ရဲ့ သဘာဝ အရန်အတား ဘက်တီးရီးယားတွေကို သေစေပြီး ဝမ်းလျှောလာတာ၊ ဝမ်းပျက်လာတာတွေ ဖြစ်တတ်ပါတယ်။
● ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အရာကို ဘက်တီးရီးယားသတ်ဆေး သွားသောက်တော့ ဆေးရဲ့ဘေးထွက်ဆိုးကျိုး ခံရတာအပြင် ဘာမှကောင်းကျိုးမရှိပါ။
>> ဒါဆို ဘယ်အချိန် ဆေးသောက်သင့်သလဲ?
● အဖျား သုံးရက်ထက် ပိုကြာတဲ့အခါ
● အဖျားကြီး၊ ချမ်းတုန်၊ ဆီးအောင့်တဲ့အခါ
● ချောင်းဆိုး၊ အဝါရောင်သလိပ် ထွက်တဲ့အခါ
● နားကိုက်၊ နားပြည်ယိုပြီး ဖျားတဲ့အခါ
● ရင်ဘတ်အောင့် မောလာတာလိုမျိုး၊ အဆုတ်ရောင်လက္ခဏာတွေ ပေါ်လာတဲ့အခါ
● ခေါင်းတွေ ထိုးကိုက်ပြီး ခြေ၊ လက် မသယ်ချင် ဖြစ်တဲ့အခါ
ဒါတွေဆို ဆရာဝန်ပြသပြီး လိုအပ်သလို ပဋိဇီဝဆေး မဖြစ်မနေကူဖို့ လိုအပ်လာပါပြီ။
>> ဖျားတဲ့အခါ ပဋိဇီဝဆေး မသောက်ခင် ဘာသောက်ရမလဲ? ဘာလုပ်ရမလဲ?
● ပါရာစီတမော သောက်ပါ။
● ဗီတာမင်စီ သောက်ပါ။
● စွပ်ပြုတ်၊ ဆန်ပြုတ်လိုမျိုး ပူနွေးအာဟာရဖြစ်တာ စားသုံးပါ။
● ရေများများ သောက်ပါ။
● လုံးဝ အနားယူလိုက်ပါ။
● လေကောင်းလေသန့်ရဖို့ ပြတင်းပေါက်တွေ ဖွင့်လှစ်ထားပါ။
● စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချပြီး ငြိမ်သက်စွာ နားပါ။
● ဆားရေနွေးနဲ့ ပလုတ်ကျင်းပါ။
ဒါလောက်ဆိုရင် သာမန်အဖျား၊ ညောင်းကိုက်တာလောက်တော့ အမြန်ဆုံး သက်သာသွားလေ့ ရှိပါတယ်။ ခန္ဓာကိုယ်ကို တုံ့ပြန်ဖို့ အချိန်ပေးပါ။ ပဋိဇီဝဆေးတွေ သောက်တာ၊ ထိုးတာတွေကို ဆရာဝန် ညွန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါကြောင်း အသိပေးလိုက်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























