/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နေမကောင်းဖြစ်နေသူများနဲ့-ထိခိုက်ဒဏ်ရာရနေသူများအတွက်-အမြန်ဆုံး

နေမကောင်းဖြစ်နေသူများနဲ့ ထိခိုက်ဒဏ်ရာရနေသူများအတွက် အမြန်ဆုံး နာလန်ထစေမယ့် အစားအစာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ယနေ့ခေတ်မှာ လူတိုင်းနီးပါးဟာ ကျန်းမာရေးလိုက်စားနေကြပြီမို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံကို ကျင့်သုံးခြင်းဖြင့် ကျန်းမာစေနိုင်တယ်ဆိုတာ လက်ခံလာကြပါပြီ။ ဒီလိုကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ခြင်းဟာ နေမကောင်းဖြစ်နေသူနဲ့ ထိခိုက်ဒဏ်ရာရနေသူတွေကိုလည်း အမြန်ဆုံး ပြန်လည်ကောင်းမွန်လာဖို့ ကူညီပေးနိုင်တယ်ဆိုတာ သိပါသလား?
နာမကျန်းဖြစ်နေသူတွေအနေနဲ့ စွမ်းအင်များများရရှိဖို့နဲ့ အာဟာရပြည့်ဝဖို့ အလွန်အရေးကြီးပါတယ်။ဒါဆို ဘယ်လိုအစားအစာတွေကို များများစားပေးသင့်လဲဆိုတာ ဆက်လက်လေ့လာရအောင် ...

၁။  ကာဗိုဟိုက်ဒရိတ် များများစားပါ
ကာဗိုဟိုက်ဒရိတ်ခေါ် ကစီဓာတ်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဓိကစွမ်းအင်ကို ပေးစွမ်းတဲ့အတွက် နေမကောင်းဖြစ်နေသူတွေကို အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေပါတယ်။ ဒီလိုစားတဲ့အခါမှာလည်း မှန်ကန်တဲ့ ကစီဓာတ်ကို ရွေးချယ်စားဖို့ လိုပါတယ်။ ဆန်လုံးညို၊ ဂျုံဖြင့်ပြုလုပ်သော ခေါက်ဆွဲနဲ့ ပေါင်မုန်တွေအပြင် ပန်းသီး၊ သစ်တော်သီးစတဲ့ အခွံပါစားလို့ရတဲ့ အသီးတွေ များများစားပေးပါ။

၂။  ပရိုတင်းဓာတ်က မရှိမဖြစ်ပါပဲ
နာမကျန်းဖြစ်နေသူတွေအတွက် ပရိုတင်းဓာတ် များများစားပေးဖို့ လိုအပ်ပါတယ်။ ပရိုတင်းစားခြင်းဖြင့် အရိုးနဲ့ ကြွက်သားတွေကို အားပြည့်စေရုံမက ရောဂါပိုးဝင်ခြင်းများကိုလည်း ကာကွယ်ပေးပါသေးတယ်။
ပရိုတင်းကြွယ်ဝတဲ့ ကြက်ဥ၊ ပဲအမျိုးမျိုး၊ တို့ဟူး၊ အစေ့အဆံများနဲ့ မြေပဲတို့အပြင် နို့၊ ချိစ်၊ ဒိန်ချဉ်၊ ငါး၊ ကြက်သားနဲ့ အနီရောင်အသားတွေကိုလည်း စားပေးဖို့ မမေ့ပါနဲ့။

၃။  ကျန်းမာရေးအကျိုးပြုအဆီများ
ကောင်းမွန်တဲ့ စိတ်ကျန်းမာရေးအခြေအနေဟာ ကိုယ်ခန္ဓာရှိဖိစီးမှုတွေကို ပြေလျော့စေတာမို့ အနာကျက်နှုန်းများကို မြန်ဆန်စေပါတယ်။ အိုမီဂါ ၃ ပါသော ဆယ်မွန်ငါးများနဲ့ ထောပတ်သီး၊ သံလွင်ဆီတို့ကို စားသုံးပေးပါ။

၄။  ဗီတာမင်နဲ့ သတ္တုဓာတ်တွေ
အနာကျက်ခြင်းဖြစ်စဉ်ကို မြန်ဆန်စေပါတယ်။
ဗီတာမင်စီကို နေ့စဉ်စားပေးပါက ကိုယ်ခံအားကောင်းစေပြီး ရောဂါပိုးဝင်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီ ကြွယ်ဝသော နာနတ်သီး၊ လိမ္မော်သီး၊ ငရုတ်ပွစိမ်း စတာတွေကို စားပေးဖို့ လိုပါတယ်။
ဒါ့ပြင် ဗီတာမင်အေ ပါဝင်တဲ့ မုန်လာဥနီ၊ ကန်စွန်းဥ စတာတွေကို စားပေးခြင်းဖြင့်လည်း အနာများကို အကျက်မြန်စေပါတယ်။
သံဓာတ်နဲ့ ဇင့်ပါသောအစာတွေကိုလည်း နေ့စဉ်စားပေးသင့်ပါတယ်။ ဒီသတ္တုဓာတ်တွေကိုတော့ ကြက်သား၊ ငါး၊ အနီရောင်အသားများနဲ့ ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)