/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နေမကောင်းရင်-အိပ်ရာထဲ-လှဲနေနော်

နေမကောင်းရင် အိပ်ရာထဲ လှဲနေနော်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          တစ်ကိုယ်လုံးလည်း အရမ်းနာကျင်ကိုက်ခဲ၊ လူလည်း မလှုပ်ချင်၊ စိတ်ဓာတ်လည်း ကျ၊ နေမကောင်း ထိုင်မသာ ညောင်းနေသူတွေအတွက် ပထမဆုံးလုပ်သင့်တဲ့ အသင့်တော်ဆုံးအရာက ဘာဖြစ်မလဲ ...

●        ဆရာဝန်ဆီ ပြေးမလား?

●        ပါရာစီတမော သောက်မလား?

●        ဗီတာမင်စီလေး ဝါးလိုက်မလား?

●        ဓာတ်ဆားလေး သောက်လိုက်မလား?

          တကယ်လုပ်သင့်တာက အဲဒါတွေ တစ်ခုမှ မဟုတ်ပါဘူးတဲ့။ လတ်တလော ပြုလုပ်ထားတဲ့ သုတေသနတစ်ခုအရ အိပ်ရေးပျက်ထားသူတွေမှာ ကိုယ်ခံအား ကျဆင်းလာပြီး နေမကောင်း ဖြစ်လာစေသလို အိပ်ရေးဝဝ ပြန်အိပ်လိုက်ခြင်းဖြင့် ကိုယ်ခံအားမြှင့်တင်ဆဲလ်တွေရဲ့ အာနိသင်ကို အဆတက်စေပြီး ပိုမိုအစွမ်းထက်စေတာမို့ နေကောင်း မြန်မြန်ပျောက်စေပါတယ်။

          ကိုယ်ခံအားမှာ အရေးပါတဲ့ ဆဲလ်လေးတွေက မာနတော့ နည်းနည်းကြီးတယ်လို့ ပြောရမယ်။ သူတို့ကလည်း ထိုက်သင့်သလောက် တာဝန်ယူပြီးရင် အနား ပြန်လိုချင်ပြန်ပါရော။ အနားပေးပြီး စွမ်းအင်ပြန်ဖြည့်ဖို့ ချောဆီ ထည့်ပေးရတာပေါ့။ အစွမ်းထက် ချောဆီကတော့ အိပ်ရာလေးထဲမှာ ခွေနေလိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်တာပဲ ဖြစ်ပါတယ်။ အားရပါးရ နွေးနွေးထွေးထွေး ကွေးကွေးလေး အိပ်လိုက်တာဟာ အဲလောက် အစွမ်းထက်မယ်လို့ မထင်ရဘူးနော်။

 

>>    အိပ်စက်ခြင်းဟာ -

●        ကိုယ်ခံအားမြင့် T ဆဲလ်လေးတွေရဲ့အာနိသင်ကို တက်စေတယ်။

●        ရောဂါပိုးကို တိုက်ထုတ်နိုင်မယ့်အစွမ်းကို ဆတိုးစေတယ်။

●        ရောဂါဒဏ်ကြောင့် ဖိအားပိနေတဲ့ ခန္ဓာကိုယ်ကို အနားရစေပြီး ခွန်အား ပြန်လည်မြင့်တက်စေတယ်လေ။

          ဒါကြောင့် နေမကောင်း ထိုင်မသာ ညောင်းညာကိုက်ခဲနေရင်တော့ ပထမဆုံး သတိရဖို့ အရေးတကြီး လုပ်စရာက အိပ်ရာလေးထဲမှာ ငြိမ်ငြိမ်လေး လှဲနေပြီး ပျော်အောင် တစ်ရေးအိပ်လိုက်ဖို့ပဲလို့ သုတေသနအဖြေလေးတစ်ခုကို အခြေခံလို့ လေ့လာတင်ပြလိုက်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)