/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နေလောင်တဲ့အခါ

နေလောင်တဲ့အခါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

မြန်မာနိုင်ငံရဲ့ ဒီရာသီ ဒီရေမြေနဲ့ ရင်းနှီးကြီးပြင်းလာကြတဲ့ နိုင်ငံသားတွေအနေနဲ့ နေလောင်ဒဏ်ကို အတန်အသင့်အထိ ခံနိုင်ရည်ရှိကြပေမယ့် ပူပြင်းတဲ့ နွေလရောက်ရင် နေလောင်ခံရတဲ့ အသားအရေ နေရာတွေမှာ အနည်းနဲ့အများဆိုသလို ပူစပ်ပူလောင် စပ်ဖျဉ်းစပ်ဖျဉ်း ခံစားရတတ်ပါတယ်။

နေပူလောင်ပြီး ရဲတက်လာကာ ပူစပ်ပူလောင် ခံစားရပြီဆိုရင် နေရိပ်ထဲကို သွားပါ။ အရိပ်ရတဲ့နေရာကို ဝင်ပါ။ ရေအေးဝတ်လေး အုပ်လိုက်ပါ။ တဘက်ကိုရေစွတ် ရေပြောင်အောင်ညှစ်ပြီး အသာအုပ်ပေးတာ ဖြစ်ပါတယ်။

ရေအေးဝတ်လေးအုပ်ပြီး သက်သာလာရင် လမ်းဘေးတွေမှာပေါက်လေ့ရှိတဲ့ အိမ်တွေမှာစိုက်တတ်တဲ့ ရှားစောင်းလက်ပပ်ကိုချိုးပြီး အနှစ်ကို လူးပေးပါ။ ရှားစောင်းလက်ပပ်နဲ့ ရေဓာတ်အခြေခံလိုးရှင်းတွေဟာ နေလောင်ခံအရေပြားကို အတိုင်းအတာတစ်ခုထိ အေးမြသက်သာစေပါတယ်။

Vaseline မလိမ်းပါနဲ့။ အဆီများတဲ့ လိုးရှင်းတွေ ရှောင်ပါ။ အရေပြားကို ပိုပူစေပြီး နေလောင်ဒဏ် ပိုဆိုးစေပါတယ်။ သိပ်နာနေရင် ပါရာစီတမောလို အကိုက်ပျောက်ဆေး သောက်နိုင်ပါတယ်။ အရေးအကြီးဆုံးက ရေများများသောက်ပြီး နားလိုက်ဖို့ ဖြစ်ပါတယ်။ ဓာတ်ဆားရည်သောက်လည်း ရပါတယ်။ ချွေးသိပ်ထွက်ပြီး မောနေရင် သီးစုံဓာတ်ဆားလေးနဲ့ဆို ရေဓာတ်ပြန်ဖြည့်ပြီးသား ဖြစ်တာပေါ့။

ကံမကောင်းလို့ အရည်ကြည်ဖုတွေ ထွက်လာခဲ့ရင် ဖောက်ပစ်တာ၊ သွားဆွတာ မလုပ်ပါနဲ့။ သူ့ဟာသူချပ်ပြီး ကွာသွားတဲ့အထိ စောင့်ပါ။ နေလို့မကောင်းဘူး၊ ကိုယ်တွေ အရမ်းပူလာတယ်၊ ရင်တွေ လှပ်လှပ်တုန်မယ်၊ မူးမယ်ဆိုရင် ဘေးကလူကို မိသားစုကို ချက်ချင်းအသိပေးပြီး နီးရာဆေးခန်း ပြသင့်ပါတယ်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းက ခန္ဓာကိုယ်အင်္ဂါတွေကို အထိနာစေတတ်တဲ့အထိ ဆိုးသွားတတ်လို့ပါ။

နေ့လည် ၁၁ ကနေ ၂ နာရီအတွင်း နေရောင်မှာ ခရမ်းလွန်ရောင်ခြည်တွေ ပါပါတယ်။ နေလောင်ဒဏ် မကြာခဏခံရသူ နေပူပူမှာ အလုပ်လုပ်သူတွေမှာ အရေပြားကင်ဆာ ဖြစ်စေပါတယ်။ မြန်မာပြည်မှာလည်း SCC လို့ခေါ်တဲ့ အရေပြားကင်ဆာဖြစ်ပွားတာ များလာနေပါပြီ။

နေပူထဲသွားရင် နေကာမျက်မှန်တပ်ပါ။ ပွပွချောင်ချောင် ချည်ထည်ထူထူ အပေါ်ဝတ်အင်္ကျီကုတ်လေးတွေ ဝတ်ဆင်ပါ။ လည်ပင်းကို ပဝါစည်းပါ။ မျက်နှာကို မျက်နှာဖုံးစွပ် Mask တပ်ပြီး ကာကွယ်ပါ။ ဆိုင်ကယ်စီးရင် အပူဒဏ်အပြင် လေဒဏ်ပါ ပါတာကြောင့် အသားအရေထိခိုက်မှု ပိုဆိုးပါတယ်။ အသားအရေ လှပကျန်းမာဖို့ နေပူဒဏ်မှ မိမိအသားအရေကို ကာကွယ်ခြင်းဖြင့် ထိန်းသိမ်းကြပါစို့နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)