နေလောင်ဒဏ်ရဲ့ အန္တရာယ်များ
နေရောင်ရဲ့ခရမ်းလွန်ရောင်ခြည်ကို အချိန်အကြာကြီးခံမိတဲ့အခါ အရေပြားတွေ နီပြီးရောင်ရမ်းနာကျင်လာတာကို နေလောင်တယ်လို့ ခေါ်ပါတယ်။ အပျော့စားနေလောင်တာကနေ အပြင်းစားဆိုးဆိုးရွားရွား နေလောင်တဲ့အဆင့်ထိ ရှိပါတယ်။
ဘယ်လောက်ထိ ဆိုးမယ်ဆိုတာကတော့ အသားအရေအမျိုးအစားရယ်၊ ဘယ်လောက်ထိ နေရောင်နဲ့ထိတွေ့မိတယ်ဆိုတာရယ်ပေါ် မူတည်ပါတယ်။ နေလောင်တယ်ဆိုတာ အရေပြားကင်ဆာဖြစ်စေနိုင်တဲ့ ကြီးမားသောအကြောင်းချက်တစ်ချက်လည်း ဖြစ်ပါသေးတယ်။
လေထုထဲမှာ ခရမ်းလွန်ရောင်ခြည်ဖြတ်သန်းမှု နှုန်းထားကွာခြားမှုကြောင့် အီကွေတာနားရောက်တာနဲ့ နေလောင်နိုင်စွမ်း ပိုမြင့်တက်လာလေဖြစ်ပါတယ်။ လတ္တီကျုမြင့်လေလေ ခရမ်းလွန်ရောင်ခြည်တွေ့နှုန်း နည်းလေလေဖြစ်ပါတယ်။
ပြီးတော့ ကိုယ်ပေါ်ကိုရောက်တဲ့ ခရမ်းလွန်ရောင်ခြည်ပမာဏဟာ နေရောင်ကျတဲ့ထောင့်ချိုးပေါ်ကိုလည်း မူတည်နေပါသေးတယ်။ နေရောင်က ကိုယ့်အပေါ်တည့်တည့်ရောက်နေချိန်ဆိုရင် ထိတွေ့နိုင်မှုအများဆုံးပါပဲ။
>> နေလောင်ခြင်းရဲ့လက္ခဏာရပ်များ
လူတစ်ယောက်နဲ့တစ်ယောက် ကွာခြားပါတယ်။ နေလောင်ပြီးနောက် နာရီပေါင်းအတော်ကြာကြာ အသားနီတာကို သတိထားမိမှာ မဟုတ်ပါဘူး။ ဒီလိုအသားနီဖို့ကို ၁၂-၂၄ နာရီလောက် ကြာနိုင်ပါတယ်။
အပျော့စားနေလောင်တာမျိုးကတော့ နည်းနည်းပါးပါး အသားနီတာနဲ့ နာတာကျင်တာလောက်ပဲ ရှိနိုင်ပါတယ်။
ဆိုးရင်တော့ အရည်ကြည်ဖုတွေထတာ၊ ဆေးရုံသွားဖို့ လိုလောက်သည်အထိကို နာကျင်တာမျိုးတွေထိ ဖြစ်နိုင်ပါတယ်။
>> ဒီ့ထက်ဆိုးလာရင် -
● ဖျားတာ
● ချမ်းတုန်တာ
● ပျို့အန်တာ
● အားနည်းတာတွေ ဖြစ်နိုင်ပါတယ်။
>> အဆိုးဆုံးအနေနဲ့ -
● သွေးပေါင်ကျတာ
● မူးဝေတာ
● တအားနုံးပြီး အားနည်းသွားတာတွေထိ ဖြစ်နိုင်ပါတယ်။
၁၅ မိနစ်လောက်အတွင်းမှာတင် နေလောင်နိုင်ပေမယ့် ထိခိုက်မှုကို ချက်ချင်းမြင်ရမှာတော့ မဟုတ်ပါဘူး။
နေရောင်နဲ့ထိတွေ့မိပြီးနောက် အသားနီတာဟာ မိနစ် ၃၀ လောက်ကနေ ၂-၆ နာရီလောက်ထိ နီနေနိုင်ပါတယ်။ နာကျင်တာကတော့ ၆-၄၈ နာရီလောက်အတွင်းမှာ အဆိုးဆုံးအနေအထားကို ရောက်နိုင်ပါတယ်။ ၂၄-၇၂ နာရီအတွင်းမှာ အသားလောင်တာ ပိုဆိုးလာပြီး ၃-၈ ရက်လောက်မှာ အရေပြားတွေ ကွာတာမျိုး ဖြစ်တတ်ပါတယ်။
တစ်ခါတလေ အသားယားတာ၊ အရေပြားကွာတာမျိုးဟာ ရက်သတ္တပတ်ပေါင်းများစွာထိ ဖြစ်နိုင်ပါတယ်။
>> နေလောင်ခြင်းကို ကာကွယ်နိုင်ဖို့ ...
နေလောင်တာကို ကာကွယ်ဖို့ နေရောင်နဲ့ထိတွေ့မှုကို တတ်နိုင်သလောက် လျှော့ချဖို့ လိုပါတယ်။
● အရိပ်ရတဲ့နေရာမှာထိုင်ပါ။
● ဗျက်ကျယ်တဲ့ဦးထုပ်ဆောင်းပါ။
● နေကာမျက်မှန်တပ်ပါ။
● နေအရမ်းပူတဲ့အချိန်မှာ အပြင်မထွက်ပါနဲ့။
● နေရောက်ကာလိမ်းဆေး လိမ်းပေးပါ။ အချိန်နဲ့အမျှ ပြန်ပြန်လိမ်းပေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























