/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နေလောင်ပန်း

နေလောင်ပန်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          " တီတီ ... မမ အကျႌသစ်သစ်တွေ ဝတ်နေတယ် " အသံစာစာလေးနှင့် လုံးလုံးအော်သံကြောင့် Facebook သုံးရင်းမှ မြ မော့ကြည့်လိုက်စဉ်  လုံးလုံးက ပေါင်ပေါ်စွေ့ခနဲ တက်ထိုင်လိုက်သည်။  မြရဲ့ အသည်းကျော် တူမလေးက သနပ်ခါး ပါးကွက်ကြားလေးနှင့်။

          " နင် ... အတို့အထောင် မလုပ်နဲ့နော် လုံးလုံး " ပြောရင်း အခန်းထဲမှ ထွက်လာသော တူမကြီး သွန်းသွန်းက စပို့ရှပ်လှလှလေးကို ဝတ်ထားသည်။

          " Couple Shirt လေးပါလား သွန်း။ တီတီ့နား လာထိုင်ပါဦး။ သွား ... လုံးလေးက အိမ်အောက်သွားဆော့နော် " အစ်မကို ပြောင်ပြပြီး တဒုန်းဒုန်းနှင့် ပြေးဆင်းသွားသော လုံးလေးကို လှမ်းကြည့်စဉ် သွန်းက ခုံမှာ ဝင်ထိုင်လိုက်သည်။

          " သွန်းလေးမှာ ချစ်သူ ရှိနေပြီလား "  မြ စကားကြောင့် လန့်သွားသည့် မျက်လုံးလေးကို ကြည့်ရင်း မြ ပြုံးပြလိုက်သည်။

          " မကြောက်ပါနဲ့ ... တီတီက သွန်းကို ဆူမလို့ မဟုတ်ပါဘူး "  စိတ်သက်သာစရာ ရသွားပုံရသော တူမလေးကို ပခုံးလေးတစ်ချက်ပုတ်ရင်း ဆံပင် သပ်တင်ပေးလိုက်သည်။

          " Valentine Day မှာ လျှောက်လည်မလို့လား သွန်း " တွန့်ခနဲ ဖြစ်သွားသော တူမလေးက ခေါင်းညိတ်ပြသည်။

          " လူငယ်သဘာဝကို တီတီ အပြစ်မပြောပါဘူး သမီးရယ်။ ဒါပေမဲ့ သမီးကို ဇာတ်လမ်းလေး တစ်ပုဒ်တော့ ပြောပြချင်တယ်။ သမီး ကြာဖူးနေကျ ဇာတ်လမ်းမျိုးပါပဲ။ ဒါပေမဲ့ တကယ့် အဖြစ်အပျက်တစ်ခုပေါ့ " စကားကို ခဏရပ်ရင်း  စိတ်ဝင်စားမှု ရှိ၊ မရှိ အကဲခတ်ကာ မြ စကားဆက်လိုက်သည်။

          " လွန်ခဲ့တဲ့ 10 နှစ်လောက်က ဒီလို Valentine Day တွေ စခေတ်စားစ အချိန်ပေါ့။ သမီးလိုပဲ 10 တန်းအောင်ကာစ မိန်းကလေးတစ်ယောက်ဟာ မြို့ကလာတဲ့ ဧည့်သည်တစ်ယောက်နဲ့  ချစ်ခဲ့ကြတယ်။ ရိုးသားတဲ့မိန်းကလေးဟာ လူလည်တစ်ယောက်ရဲ့ လှည့်ကွက်မှာ အတွေ့ကို မလွန်ဆန်နိုင်ဘဲ အချစ်နယ်ကျွံခဲ့မိတယ်။ ဘာမှနားမလည်တဲ့အရွယ်ဆိုတော့ ကိုယ့်ကိုယ်ကိုလည်း မကာကွယ်တတ်ခဲ့ဖူးလေ။ နောက်တော့ မိန်းကလေးမှာ ကိုယ်ဝန် ရှိလာတယ်။ သူ့ချစ်သူဆိုတာက ဘယ်ရောက်သွားမှန်းကို မသိတော့ပါဘူး။ အရှက်ကွဲပြီပေါ့ကွယ်။ မိန်းကလေးဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့တောင် စိတ်ကူးခဲ့မိတယ်။ သူ့ထက် ဦးသွားတာက သူ့အဖေ လူရိုးကြီးလေ။ အရှက်ကို အသက်နဲ့ လဲသွားခဲ့တယ်။ သူ့နေရာမှာ သမီး စဉ်းစားကြည့်ပါ "

          တွေးတွေးငေးငေး နားထောင်နေသော တူမလေးကိုကြည့်ရင်း မြ စကားဆက်လိုက်သည်။ " ကိုယ့်ကြောင့် ကိုယ့်မိဘဆွေမျိုးတွေ အရှက်ရ သိမ်ငယ်ရမယ့်အဖြစ်မျိုး သမီး မဖြစ်စေချင်ဖူးဆိုတာ တီတီ သိပါတယ်။ သမီးဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမယ့် မိန်းကလေးဆိုတာ တီတီ ယုံကြည်တယ်။ ဒါပေမဲ့ အခြေအနေဆိုတာကို တီတီ မယုံဘူးကွယ်။ ဒါကြောင့် ချစ်သူနဲ့သွားတဲ့အခါ ဆိတ်ကွယ်ရာကို မသွားဖို့ တီတီ မှာချင်တယ်။ သမီး တီတီ့ကို ကတိပေးနိုင်မလား ဟင် "

          မြရဲ့ စကားအရှည်ကြီး အဆုံးမှာတော့ သွန်း မျက်နှာလေးက စဉ်းစားနေပုံလေးကို တွေ့ရသည်။

          " သွန်း ကတိပေးနိုင်ပါတယ် တီတီ " မျက်နှာ ကြည်ကြည်လင်လင်နှင့် အလေးအနက် ကတိပေးနေသော သွန်း မျက်နှာလေးကို ငေးကြည့်ရင်း မြ စိတ်ချမ်းသာသွားရသည်။

          " အိုကေလေ ... သွန်းလေး သင်တန်းသွားရမှာ မဟုတ်လား၊ သွားပြင်တော့လေ "  ပြုံးပြုံးရွှင်ရွှင်ဖြင့် အခန်းထဲ ဝင်သွားသော တူမလေးကိုကြည့်ရင်း မြ သက်ပျင်းတစ်ချက် ချလိုက်မိသည်။

          " ဘာတွေ သက်ပြင်းချနေတာလဲ မြရဲ့ " အသံနှင့်အတူ ဘေးမှာ ထိုင်ချလိုက်သော မောင့်ကို လှည့်ပြုံးပြလိုက်ရသည်။ " ဘာမှမဟုတ်ပါဘူး မောင်ရယ်၊ သွန်းလေးကို ဆုံးမနေတာပါ"  မောင်က မြကို ပြုံးကြည့်ရင်း  " မောင့်တူမလေးတွေကို ဒီလိုချစ်ပေးတာ မြကို မောင် အရမ်းကျေးဇူးတင်တာပဲ"  ဟု ဆိုလာသည်။

          " မောင်ကလည်း ဒါလေးများ၊ သွားလေ အဝတ်အစား သွားလဲ "  ရယ်ရယ်မောမောနှင့် မောင့်ကို တွန်းလွှတ်လိုက်ရသည်။

          " ချစ်ရမှာပေါ့ မောင်ရယ်။ မောင်တောင် အပြစ်တွေ အများကြီးနဲ့မြကို ဒီလောက် ချစ်ခင်ပေးခဲ့တာကိုး။ အဖေ ဆုံးချိန်မှာ စိတ်ဆင်းရဲကြီးစွာနှင့် လူယုတ်မာကိုယ်ဝန်ကို နည်းမျိုးစုံနှင့် ဖျက်ချဖို့ ကြိုးစားခဲ့သော ဒဏ်တွေကြောင့် ကလေးမရနိုင်တော့မှန်း သိသိနှင့်တောင် မောင်က မြကို လက်တွဲခဲ့သည်လေကွယ်။ မောင့်ကို အားနာ၊ သနားရတာနှင့်ပင် မြမှာ နောင်တတွေနဲ့ ရှင်သန်နေသူပါ မောင်ရယ်။ မြလို အဖြစ်ဆိုးမျိုး တခြားမိန်းကလေးတွေကို ထပ်မတွေ့စေချင်တော့ပါဘူး။  သွန်းလေးက မြလို မမိုက်မဲဖို့ မြ အကောင်းဆုံး သွန်သင်ပါ့မယ် မောင်ရယ် " ဟူသော စကားတွေကိုတော့ မြ စိတ်ထဲမှသာ ရေရွတ်လိုက်မိတော့သည်။

          အလှဆုံး ပွင့်ရမယ့်အချိန်မှာ နေမလောင်ပါစေနဲ့ ပန်းကလေးတို့ရယ် ...

Dr. Zero (www.drmyanmar.com)