နေ့ခင်းဘက် တရေးအိပ်တာက သွေးတိုးကျစေသတဲ့
ဘာဆေးဆေးသောက်သောက် သွေးတိုးမကျတဲ့ အန်ကယ်တို့၊ အန်တီတို့၊ ပူအိုက်တဲ့ရာသီမှာ သွေးတိုးကြောင့် ဒုက္ခမရောက်စေဖို့ ဗဟုသုတလေးတစ်ခု မျှဝေမယ်နော်။
ဂရိနိုင်ငံက ဆေးသုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်အရ နေ့ခင်းဘက်မှာ တရေးတမော အိပ်စက်အနားယူလေ့ရှိသူ သွေးတိုးရောဂါသမားတွေမှာ သွေးပေါင် သိသိသာသာ ကျဆင်းသွားသတဲ့။
>> နေ့ခင်းဘက် အိပ်စက်အနားယူသူတွေမှာ -
● သွေးကြောလေးတွေ ပြေလျော့သွားတယ်။
● တင်းကြပ်မှုတွေ နည်းသွားတယ်။
● စိတ်ဖိစီးမှု သက်သာလာတယ်။
● နေလို့ ပေါ့သွားတယ်လေ။
သုတေသနာပညာရှင်တွေက တခြားသွေးတိုးကျစေတဲ့ အရာတွေဖြစ်တဲ့ လေ့ကျင်ခန်းလုပ်စေခြင်း၊ ဆားလျှော့စားခြင်း၊ အရက် ဆေးလိပ်ဖြတ်ခြင်း စတာတွေကိုပါ ပါဝင်အကဲဖြတ်ပြီး သွေးကြောတင်းကြပ်မှုတွေရဲ့လျှော့ချနိုင်စွမ်းကို စမ်းသပ်လိုက်တာပါ။
အဖြေကတော့ အံသြစရာပါပဲ။ နေ့စဉ် တရေးအိပ်သူတွေမှာ သွေးတိုးကျနှုန်းက ၅.၄ မီလီမီတာမာကျူရီ ဖြစ်ပါသတဲ့။
ဒါ့အပြင် နေ့ခင်းအိပ်ချိန် နောက်တစ်နာရီတိုးတိုင်း ၂၄ နာရီအတွင်း နောက်ထပ် ၃ မီလီမီတာမာကျူရီ ထပ်ကျဆင်းသွားပြန်ပါတယ်။
သွေးပေါင် ၂ မီလီမီတာမာကျုရီ အတွင်း ကျဆင်းတဲ့အခါ နှလုံးရောဂါ ဖြစ်နိုင်စွမ်းကို ၁၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်ဆိုတော့ နေ့ခင်းအိပ်တာက ဘယ်လောက်အကျိုးဖြစ်လည်း သတိထားမိကြပြီပေါ့။
ကဲ ... သွေးတိုးရောဂါ ခံစားနေရသူ ဦးဦးဒေါ်ဒေါ်တို့ နေ့လယ်နေ့ခင်း တမှေးလောက်် ဇိမ်ယူရင်း သွေးတိုး ချလိုက်ကြရအောင်နော့်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























