နေ့ရက်တိုင်းမှာ အားအင်ပြည့်ဝပြီး လန်းဆန်းတက်ကြွနေစေဖို့ ...
နိုးကြားစေဖို့အတွက် အကြောတွေကို အစွမ်းကုန် ဆန့်ထုတ်လိုက်ပါ။
အရမ်းအိပ်ချင်ပြီး ထိုင်းမှိုင်းနေပါက ပျင်းကြောဆန့်လိုက်ပါ။ လှုပ်ရှားမှုလုပ်ခြင်းက ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို နိုးကြားစေပါတယ်။ တတ်နိုင်သမျှမြင့်မြင့် အကြောဆန့်ထုတ်လိုက်ပါ။ လက်မောင်းကြွက်သားတွေ ပြေလျော့သွားပါစေ။
♦ နေ့စဉ်နေ့တိုင်း မနက်စာစားဖို့ မမေ့ပါနဲ့။
မနက်စာ ကောင်းကောငး်တစ်ခွက်က တစ်နေ့လုံးအတွက် အားအင်ကို ပေးစွမ်းနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာက အာရုံစူးစိုက်နိုင်စွမ်း ကောင်းမွန်စေပြီး အလုပ်တွေကို ပြီးမြောက်စေပါတယ်။ သင့်ရဲ့မနက်ခင်းကို သဘာဝကောက်ပဲသီးနှံနဲ့ လုပ်ထားတဲ့ အစားအစာတွေ၊ အဆီနည်းတဲ့နို့နဲ့ သစ်သီးစတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာတစ်ခွက်နဲ့ အစပြုလိုက်ပါ။
♦ နေ့လယ်စာ စားပြီးချိန်မှာ ကိုယ်လက်လှုပ်ရှားလုပ်ပါ။
နေ့လယ်စာစားပြီး ကျောင်းမှာ၊ အလုပ်မှာ အိပ်ငိုက်နေရင် ကိုယ်လက်လှုပ်ရှား လုပ်ပေးပါ။ အခန်းတွင်းမှာ ပတ်ပြီး လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ ကစားကွင်းထဲမှာ တစ်ခုခု ဆော့တာပဲဖြစ်ဖြစ် လှုပ်ရှားမှုရှိမယ့် အရာတစ်ခုခု လုပ်ပါ။ ကိုယ်လက်လှုပ်ရှားခြင်းက ကျန်တဲ့နေ့တစ်ဝက်ကို စွမ်းအားအပြည့်နဲ့ ဖြတ်သန်းစေနိုင်ပါလိမ့်မယ်။ ဒါ့အပြင် လှုပ်ရှားမှုလုပ်တဲ့အခါ နှလုံးနဲ့အဆုတ်ကို ပိုသန်မာစေပြီး ခန္ဓာကိုယ်နဲ့ ဦးနှောက်ဆီ အောက်ဆီဂျင်နဲ့ စွမ်းအင်ထောက်ပံ့မှု ပိုမိုရရှိစေပါတယ်။ ဒါကြောင့် စွမ်းအင်ပြည့်ဝဖို့ ကိုယ်လက်လှုပ်ရှား လုပ်ကြပါစို့။
♦ အလုပ်၊ ကျောင်းကနေ အိမ်ပြန်ရောက်တဲ့အခါမှာ အားဖြည့်အချိုရည်တွေ မသောက်ပါနဲ့။
ညနေဘက် ပင်ပန်းနွမ်းနယ်ပြီး အိမ်ပြန်ရောက်လာတဲ့အခါမှာ အားဖြည့်အချိုရည်တွေ သောက်လေ့ရှိကြပါတယ်။ ဒီအားဖြည့်အချိုရည်တွေမှာ ကျန်းမာရေးနဲ့ မညီညွတ်ဘဲ နှလုံးအတွက် မကောင်းတဲ့ သကြားနဲ့ ကဖင်းဓာတ်တွေ များစွာပါဝင်ပါတယ်။ ဒါကြောင့် ဒီအားဖြည့်အချိုရည်တွေကို လုံးဝမသောက်ပါနဲ့။ ဗိုက်ဆာတယ်ဆိုရင် ခရက်ကာ အနည်းငယ်နဲ့ ဒိန်ခဲကို စားသုံးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေက ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့အရာပဲဆိုတာကို မမေ့ပါနဲ့။
♦ ခဏအနားယူပြီးမှ အိမ်စာလုပ်ပါ။
အားအင်တွေ ပြန်ဖြည့်ဖို့အတွက် အနားယူရမယ့်အချိန် လိုပါတယ်။ ချက်ချင်း အိမ်စာတွေ လုပ်မယ်ဆိုရင် ကောင်းကောင်းအာရုံစိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် 10-15 မိနစ်လောက် ကြိုးခုန်တာပဲဖြစ်ဖြစ် လှုပ်ရှားမှုတစ်ခုခု လုပ်လိုက်ပါ။ လှုပ်ရှားမှုလုပ်ခြင်းက ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ဦးနှောက်ကို အောက်ဆီဂျင်တွေ ပို့ဆောင်ပေးကာ စဉ်းစားတွေးခေါ်နိုင်စွမ်း တိုးတက်စေပါတယ်။
♦ ညစာ စားပြီးရင်လည်း ကိုယ်လက်လှုပ်ရှား လုပ်ပေးပါ။
ညစာစားတာ များပြီး ပြည့်အင့်သွားရင် တီဗွီရှေ့မှာပဲ ထိုင်မချလိုက်ပါနဲ့။ ဒီအစား မိသားစုနဲ့အတူတူ လမ်းလျှောက်ပြိုင်တာပဲဖြစ်ဖြစ်၊ အခြားကိုယ်လက်လှုပ်ရှားမှု တစ်ခုခု ပြိုင်လုပ်တာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။ အိမ်တွင်းမှာဆိုရင် ကိုယ်လက်လှုပ်ရှားမှုလုပ်ရတဲ့ ဗွီဒီယိုဂိမ်း ဆော့တာဖြစ်ဖြစ်၊ ဒိုက်ပြိုင်ပြီးထိုးတာပဲဖြစ်ဖြစ် လုပ်ခြင်းအားဖြင့် ပျော်ရွှင်မှုရနိုင်သလို အားအင်တွေလည်း ရရှိနိုင်ပါတယ်။
♦ သီချင်းလေးဖွင့်ပြီး အိမ်အလုပ်လုပ်ပါ။
အိမ်အလုပ်လုပ်ချင်စိတ် ဖြစ်လာစေဖို့အတွက် ကိုယ်ကြိုက်တဲ့သီချင်းလေးတွေ ဖွင့်ပြီး သီချင်းဆိုရင်း အလုပ်လုပ်ပါ။ သီချင်းက စိတ်တက်ကြွစေပြီး လှုပ်ရှားချင်စိတ် ဖြစ်လာအောင် ဆွဲဆောင်နိုင်တဲ့အပြင် အားအင်တွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် လန်းဆန်းတက်ကြွပြီး အားအင်လိုအပ်တဲ့အချိန်တိုင်း ဂီတကို အသုံးပြုနိုင်ပါတယ်။
♦ ရေသောက်ပါ။
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သကြားနဲ့ ကဖင်းတွေ အများကြီးပါတဲ့ အချိုရည်တွေ သောက်မယ့်အစား ရေသောက်ခြင်းက အကောင်းဆုံး ရွေးချယ်မှုပါ။ ရေလုံလောက်စွာ မသောက်ဘူးဆိုရင် အားအင်နည်းသလို ခံစားရပြီး လုပ်ဆောင်မှုတွေလည်း နှေးကွေးစေပါတယ်။ ဒါကြောင့် ပင်ပန်းနွမ်းနယ်တယ်လို့ ခံစားရရင် ရေတစ်ခွက် သောက်လိုက်ပါ။ ရေက အားအင်တွေ ပြည့်ဝစေပါတယ်။ ပိုသောက်ကောင်းစေဖို့ သံပုရာသီး (သို့) လိမေ္မာ်သီးတစ်လုံး ညှစ်ထည့်ပြီး သောက်လိုက်ပါ။
♦ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ တက်တက်ကြွကြွနေပါ။
ပိတ်ရက်တွေမှာ ပျင်းရိငြီးငွေ့နေတဲ့အခါ အိပ်လိုက်မယ့်အစား အခြားပျော်စရာတစ်ခုခု လုပ်ပါ။ အားကစားတစ်ခုခု လုပ်တာဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းဖြင့် အားအင်ပြည့်ဝစေပါလိမ့်မယ်။ နေ့လယ်ဘက်မှာ အိပ်လိုက်ခြင်းက ညဘက် အိပ်မပျော် ဖြစ်စေပါလိမ့်မယ်။ အားအင်ပြည့်ဝပြီး လန်းဆန်းတက်ကြွစေဖို့အတွက် တစ်ညကို အနည်းဆုံး 8-10 နာရီလောက် အိပ်စက်ဖို့ လိုအပ်ပါတယ်။
♦ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့အခါမှာလည်း ပျော်ရွှင်မှုကို ရယူပါ။
မိတ်ဆွေ၊ သူငယ်ချင်းတွေ တွေ့ဆုံတဲ့အခါမှာ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ စားမယ့်အစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ကိုယ်တိုင်လုပ်စားပါ။ ပြီးရင် သီချင်းဖွင့်ပြီး ကပွဲလုပ်ခြင်းဖြင့် လှုပ်ရှားတက်ကြွစေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























