နေ့လည်ဘက်မှာ ဘယ်လောက်အနားယူအိပ်စက်ဖို့ လိုသလဲ?
>> အကျိုးကျေးဇူးအမျိုးမျိုး ရနိုင်သော အနားယူအိပ်စက်ခြင်း အမျိုးမျိုး
တစ်ခါတလေမှာ တစ်ညလုံး အကြာကြီး အိပ်တာထက် ခဏတာ အိပ်စက် အနားယူလိုက်တာက ပိုပြီးအကျိုးကျေးဇူး ရရှိနိုင်ပါတယ်။ အများအားဖြင့် တမှေးမှေးတာက အရမ်းမကြာပါဘူး။ မိနစ် 30 ထက် ပိုပြီးအိပ်ချိန်ကြာသွားရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါပြီ။ တစ်ခါတလေမှာ တရေးအိပ်လိုက်ပြီးမှ ပိုဆိုးသွားတာမျိုးလည်း ရှိပါတယ်။ ဒါက အိပ်တာ အရမ်းကြာသွားပြီး ပြန်ထဖို့ခက်တဲ့ အိပ်စက်မှုအဆင့်ကို ရောက်ရှိသွားခြင်းကြောင့်ဖြစ်ပါတယ်။ ခေတ္တအနားယူ အိပ်စက်မှုကြာချိန်နဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်ကြရအောင်။
• 10-20 မိနစ်ခန့် အိပ်စက်ခြင်း
ပြန်လည်လန်းဆန်းစေဖို့နဲ့ အားအင်ပြည့်ဝစေဖို့အတွက်ဆိုရင် 10-20 မိနစ်ခန့် အိပ်စက် အနားယူခြင်းက အတော်ပါပဲ။ ဒီအချိန်လောက်နဲ့ဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့အဆင့် မရောက်သေးတဲ့အတွက် ပြန်ထဖို့လွယ်ပြီး အလုပ်တွေ ပြန်လုပ်ဖို့ အဆင်ပြေပါတယ်။
• မိနစ် 30 အိပ်စက်အနားယူခြင်း
မိနစ် 30 လောက် အိပ်လိုက်မယ်ဆိုရင် အိပ်ရေးမဝဘဲ နိုးလာတဲ့အခါမှာ မူးထိုင်းထိုင်း၊ ဒယိမ်းဒယိုင်ဖြစ်နေပြီး ပြန်လည်လန်းဆန်းဖို့အတွက် အိပ်ရာကနိုးပြီး နောက်ထပ် မိနစ် 30 လောက် အချိန်ယူရပါလိမ့်မယ်။
• မိနစ် 60 အိပ်စက်အနားယူခြင်း
နာမည်တွေ၊ အချက်အလက်တွေနဲ့ မျက်နှာတွေကို မှတ်မိဖို့ စတဲ့ မှတ်ဉာဏ်ပိုကောင်းဖို့အတွက်ဆိုရင် မိနစ် 60 လောက် အိပ်စက်အနားယူသင့်ပါတယ။် ဒါပေမဲ့ မိနစ် 60 လောက် အိပ်ပြီး ပြန်နိုးလာချိန်မှာတော့ အိပ်ချင်မူးတူး ဒယိမ်းဒယိုင် ဖြစ်နေပါလိမ့်မယ်။
• မိနစ် 90 အိပ်စက် အနားယူခြင်း
မိနစ် 90 အိပ်မယ်ဆိုရင်တော့ အိပ်တဲ့စက်ဝန်းတစ်ခုလုံး အပြည့်ရရှိမှာ ဖြစ်ပါတယ်။ ဒါက စိတ်ခံစားမှု၊ စက်ဘီးစီးခြင်း၊ စန္ဒယားတီးခြင်း ကဲ့သို့သော စွမ်းဆောင်နိုင်စွမ်းနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို တိုးတက်စေပါတယ်။ ဒါက အိပ်ရေးမဝ မဖြစ်စေဘဲ အိပ်ရာကနေ အိပ်ရေးဝဝနဲ့ လွယ်ကူစွာ နိုးထနိုင်ပါတယ်။
>> ခေတ္တမှေးစက် အနားယူခြင်း၏ အကျိုးကျေးဇူးများ
ဦးနှောက်ကို ခေတ္တအနားပေးပြီး တစ်နေ့တာအတွက် စွမ်းအင်တွေ ပြန်လည်ရရှိဖို့အတွက် ခဏတာအိပ်စက် အနားယူလေ့ ရှိကြပါတယ်။ အများအားဖြင့် စိတ်ဖိစီးမှုတွေကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်စေပြီး ခဏတာ အိပ်စက်အနားယူလိုက်ခြင်းဖြင့် ဒါတွေကို ပြေလျော့စေနိုင်တဲ့အပြင် အနားမယူခင်ကထက် စဉ်းစားဆင်ခြင်နိုင်စွမ်း ပိုကောင်းလာပြီး ပြဿနာတွေကို ပိုပြီးဖြေရှင်းနိုင်လာစေပါတယ်။
ကျွမ်းကျင်သူအချို့ကတော့ တစ်နေ့ကို မိနစ် 20 ထက် ပိုပြီးအိပ်စက် အနားမယူသင့်ဘူးလို့ ဆိုပါတယ်။ မိနစ် 20 ခန့် အိပ်စက်ခြင်းက ခန္ဓာကိုယ်ကို အားအင်ပြန်ဖြည့်ပေးပြီး ဆက်လက်လုပ်ဆောင်နိုင်စေပါတယ်။ ဘယ်အချိန်မှာမဆို အိပ်စက်အနားယူနိုင်ပါတယ်။ မိနစ် 20 ထက် ကျော်သွားရင်တော့ ခန္ဓာကိုယ် ပိုပြီးပင်ပန်းနွမ်းနယ်စေပါတယ်။
နောက်ဆုံး အကြံပေးချင်တာကတော့ ခေတ္တအိပ်စက်ပြီးချိန်မှာ ဖြေးဖြေးချင်းထပြီး အရင်ထထိုင်လိုက်ပါ။ ဒါက ပြန်အိပ်မပျော်သွားအောင် အထောက်အကူ ပြုပါလိမ့်မယ်။ အိပ်နေတုန်း အိပ်မက်,မက်တယ်ဆိုရင် ခန္ဓာကိုယ်က အနားယူဖို့ အချိန်ပိုလိုတယ်ဆိုတာကို ပြပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























