/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နွမ်းသောပန်းများ-လန်းစေချင်

နွမ်းသောပန်းများ လန်းစေချင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ဒီရက်ပိုင်း ခေတ်စားနေတဲ့ အကြောင်းအရာကို မြင်ရဖန်များတော့ စာရေးချင်စိတ် ပြန်ဖြစ်လာသည်။
မုဒိမ်းကျင့်ခံရမှုမှ ရသောကလေးကို မွေးသင့်သည် မမွေးသင့်သည် ဆိုသည့် အကြောင်းကို ဆွေးနွေးလိုခြင်း မဟုတ်။ ဟိုဘက် ဒီဘက် ကရေးတာတွေကို ဖတ်ကြည့်တော့ ကိုယ့်အကြောင်းပြချက်နဲ့ ကိုယ်မှန်နေကြ သည်လေ။

        ကိုယ်ပြောချင်တာက တခြားကိစ္စ။

        လက်ထောက်ဆရာဝန် သက်တမ်း ၅ နှစ်ကျော်တွင် ကိုယ်စစ်ဆေးခဲ့ရသော မုဒိမ်းမှုများက မနည်းမနောပင်။ လုပ်ထုံးလုပ်နည်းအရ မုဒိမ်းကျင့်ခံရသူ၏ အသက်အရွယ် ကိုယ်ခန္ဓာဖွ့ံဖြိုးမှု ရုန်းကန်ထားသော အနေအထား လတ်တလောထိုးသွင်းဒဏ်ရာ ရှိမရှိတို့ကို စစ်ဆေးရသည်။ ထို့နောက် အမျိုးသမီး အင်္ဂါအတွင်း သုတ်ပိုးရှိမရှိ ဓာတ်ခွဲ စစ်ဆေးရသည်။

        ထိုစဉ်တုန်းကတော့ အလုပ်ရှုပ်ချိန်မှာ ရောက်လာတတ်သော ထိုအမှုများကို ဝတ်ကြေတမ်းကြေ သာ စစ်ဆေးဖြစ်ခဲ့တာ အမှန်ပင်။ ကိုယ် မေးစရာရှိတာမေး စစ်စရာရှိတာစစ် မြန်မြန်ပြီးဖို့သာ အားထုတ်ခဲ့ရသည်။ ( မိမိ၏ ဖြစ်စဉ်ကိုသာ အခြေခံပါသည်) ။ ငေးငိုင်နေသော ကောင်မလေးကို သနားဖို့ထက် ဘေးမှာသွေးသံရဲရဲ နှင့် အသက်ငင်နေသော လူနာများကို မြန်မြန်ကုသဖို့သာ အားထုတ်ခဲ့မိသည်။

        အခုအချိန်မှာ ပြန်စဉ်းစားမိတော့ တော်တော် စိတ်မကောင်းဖြစ်မိသည်။ ငေးငေးငိုင်ငိုင် ရီဝေနေသော မျက်လုံးတွေကို မြင်ခဲ့ဖူးသလို ကိုယ်ဘာဖြစ်လို့ ဖြစ်မှန်းမသိတာလား စိတ်ထားတတ်နေတာလားမသိသော ရယ်ပြုံးပြနေသည့် မျက်နှာလေးတွေကို မြင်ခဲ့ဖူးသည်။ ခိုးရာလိုက်ပြေးတာကို မုဒိမ်းမှုနှင့် တိုင်သော အမှုမျိုးမှာတော့ မိန်းကလေးက ပြုံးစိစိ ဖြစ်နေတာကိုလည်း တွေ့ခဲ့ဖူးသည်။

        တကယ်က အမှုကိစ္စ ရှင်းရုံတင်မက သူမတို့ စိတ်ထဲ ခံစားရသည့် စိတ်ဝေဒနာတွေ ကိုယ်ဝန်ရနိုင်ချေ ရောဂါကူးစက်ခံရနိုင်ချေ တွေကိုပါ ကုသပေးသင့်ကြောင်း ခု အခြေအနေမှ စဉ်းစားမိသည်။ လူနာကို မအော်မငေါက်ဘဲ ပြုံးပြုံးရွှင်ရွှင်စကားပြောကာ လိုအပ်တာ လုပ်ပေးရုံနှင့် ကိုယ်တာဝန်ကျေပြီဟု ထင်ခဲ့တာကို အခုမှ ရှက်မိတော့သည်။

        မုဒိမ်းမှု ပပျောက်ရေးသည် လူမှုရေး ဥပဒေ ရေးရာတို့နှင့် ထိန်းချုပ်ရမည့် ကျွန်မတို့ မလုပ်နိုင်သည့်ကိစ္စ။

        ကျွန်မတို့ တတ်နိုင်သည်ကတော့ ကိုယ့်လက်ထဲ ရောက်သည့် ကြယ်ငါးလေးတွေ ရှင်သန်ဖို့ပင် ဖြစ်သည်။
         မုဒိန်းမှု တစ်ခုကို တွေ့ပြီ ဆိုလျှင် အချိန်ပေါ်မူတည်၍ သင့်တော်သော သနေ္ဓတားဆေး သုံးစေခြင်း ကူးစက်တတ်သော ရောဂါများမှ ကာကွယ်ခြင်း ကုသခြင်းနှင့် မိန်းကလေး နှင့် သူမ မိသားစုကို သင့်တော်သော စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု ပြုလုပ်ပေးခြင်း တို့ကို ဆောင်ရွက်နိုင်မည် ဆိုလျှင် ကြေမွသွားသော ပန်းလေးသည် နောင်တချိန် ပြန်လည် ပွင့်လန်းဝေဆာဖို့ အထောက်အကူ ပြုနိုင်မည်ဟု မျှော်လင့် မိပါတော့သည်။

 

Special Thanks To : Khin Cho

www.drmyanmar.com