နွေရာသီနှင့် အပူရှပ်ခြင်း
နွေရာသီရောက်တဲ့အခါ ပြင်းထန်တဲ့အပူချိန်ကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ကြပါတယ်။ ဒီထဲကမှ အဖြစ်များတာတစ်ခုကတော့ အပူရှပ်တာပါပဲ။
>> အပူရှပ်တယ်ဆိုတာ ဘာလဲ?
ကိုယ်ခန္ဓာက အပူချိန်ကို မထိန်းချုပ်နိုင်တော့တဲ့အခါ ကိုယ်အပူချိန် မြန်မြန်တက်ပြီး ချွေးမထွက်နိုင်တော့တာကို အပူရှပ်တယ်လို့ ခေါ်တာပါ။ အပူရှပ်တဲ့အခါ ကိုယ်အပူချိန်ဟာ 104°F နဲ့အထက်ရှိပြီး အသက်ရှူမြန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းတွေကို ခံစားရပြီး ပြင်းထန်ခဲ့ရင် သတိလစ်ခြင်း၊ တက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
Biogesic Adult IA 1
>> ဘာကြောင့် အပူရှပ်ရတာလဲ?
နေပူထဲမှာ အချိန်ကြာကြာနေတာနဲ့ ပူပြင်းတဲ့ရာသီဥတုမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်တာတွေကြောင့် အဓိကဖြစ်ရတာပါ။ တခြားအကြောင်းရင်းတွေကတော့ အခုလိုရာသီမှာ အဝတ်ထူထူတွေ ဝတ်ဆင်တာ၊ အရက်သောက်တာ၊ ရေဓာတ်ခန်းခြောက်တာတွေကြောင့် ဖြစ်ပါတယ်။
>> အပူရှပ်တာကို ဘယ်လိုကုသရမလဲ?
အသက်အန္တရာယ်ရှိလို့ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားရောက်ကုသရပါမယ်။ ဆေးရုံမသွားခင်စပ်ကြားမှာတော့ မိမိတို့ဘက်ကနေ အရေးပေါ်ကုသမှုတွေ ပြုလုပ်ပေးထားဖို့ အရေးကြီးပါတယ်။ လူနာကို အရိပ်ထဲ၊ ဒါမှမဟုတ် အေးမြတဲ့နေရာမှာထားပြီး ရေပတ်တိုက်တာ၊ ပန်ကာဖွင့်တာမျိုး လုပ်ပေးထားသင့်ပါတယ်။ ဖြစ်နိုင်ရင် လူနာကို ရေအေးအေးလေးနဲ့ ရေချိုးပေးတာ၊ ရေခဲတုံး (သို့) ရေစိုအဝတ်ကို နဖူး၊ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ကြားတို့လို နေရာတွေမှာ ထားပေးတာမျိုး လုပ်ပေးပါ။
Biogesic Adult IA 2
>> အပူရှပ်ခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ?
● နွေရာသီမှာ အဝတ်အစားကို ပေါ့ပေါ့ပါးပါး၊ ချောင်ချောင်ချိချိရှိတာပဲ ဝတ်ဆင်ပေးပါ။
● နေပူထဲသွားရင် ထီး၊ ဦးထုပ် ဆောင်းပါ။
● ရေများများသောက်ပါ။
● နေ့လယ်ဘက် (သို့) အပူချိန်မြင့်တဲ့အချိန်တွေမှာ လေ့ကျင့်ခန်းလုပ်တာ၊ နေပူထဲ အလုပ်လုပ်တာမျိုးကို ရှောင်ကြဉ်ပါ။
အပူရှပ်တာဟာ အရေးပေါ်ကုသမှုသာ မရခဲ့ရင် အသက်အန္တရာယ်ပေးနိုင်တဲ့အထိ ဖြစ်တတ်တာကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်တာဟာ အကောင်းဆုံးပါ။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ နေပူထဲမှာ အလုပ်လုပ်ရသူတွေနဲ့ ရောဂါအခံရှိသူတွေဟာ အပူရှပ်နိုင်ချေများလို့ အခုလိုနွေရာသီမှာ သူတို့တွေကို ပိုပြီးဂရုစိုက်ပေးသင့်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)






























