/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှစ်ဟောင်းမှာ-စိတ်ဖိစီးမှုအားလုံးကို-ထားခဲ့ပါ

နှစ်ဟောင်းမှာ စိတ်ဖိစီးမှုအားလုံးကို ထားခဲ့ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. ခရီးထွက်ပါ

        နောက်ဆုံးခရီးထွက်ခဲ့တာဟာ ဘယ်တုန်းကလဲဆိုတာကိုယ်တိုင်တောင်မမှတ်မိနိုင်တော့ဘူးဆိုရင် ဒါဟာ ခရီးထွက်ဖို့အချိန်တန်ပြီလို့ ပြောနိုင်တဲ့အချက်ပေးခေါင်းလောင်းသံဖြစ်ပါတယ်။ မကြာသေးမီက အမေရိကန်ပြည်ထောင်စုမှာပြုလုပ်တဲ့ စစ်တမ်းတစ်ခုအရ အလုပ်သမားတွေအတွက် စီစဉ်ပေးတဲ့ ခရီးသွားခြင်းတွေဟာ နှစ်ပေါင်း 40 အတွင်းမှာသိပ်မများဘူးလို့သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုန်ထုတ်စွမ်အားတွေမြင့်ဖို့အတွက် ရုန်းကန်နေရင်းနဲ့ပဲ ကိုယ့်ကိုကိုယ် အနားယူဖို့ လိုအပ်နေပြီဆိုတာ မေ့လျော့နေခဲ့ကြတာဖြစ်ပါတယ်။

          ဒါပေမယ့်လည်း အနားမယူဘဲ လပေါင်းများစွာအလုပ်လုပ်နေခြင်းဟာ မိမိစွမ်းရည်ကိုကျဆင်းစေတဲ့အပြင် စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးကိုပါထိခိုက်စေနိုင်ပါတယ်။

2. အကြောင်းအရင်းကိုရှာဖွေခြင်း

        စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကိုရှာဖွေခြင်းက စိတ်ဖိစီးမှုလျှော့ချတဲ့နေရာမှာ အခြေခံအချက်တစ်ခုဖြစ်ပါတယ်။ ဒါဟာမလွယ်ကူပေမယ့်လည်း အကယ်၍လုပ်နိုင်ခဲ့ပါက အခြားအရာတွေအပေါ်မှာ စီမံခန့်ခွဲမှုတွေ ပိုမိုလုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ စိတ်ဖိစီးစေတဲ့အကြောင်းအရင်းကိုရှာပြီးနောက် ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လိုတုံ့ပြန်မယ်နဲ့ အဲဒီအခြေအနေကိုဘယ်လိုတိုးတက်ကောင်းမွန်အောင်ပြုလုပ်ရမလဲဆိုတာ စဉ်းစားသင့်ပါတယ်။

3. အချိန်ယူပြီးစဉ်းစားပါ

        အလုပ်အလွန်အကျွံလုပ်တဲ့အခါမှာ ကိုယ့်အလုပ်ကို ကိုယ်ဘာနှစ်သက်လဲဆိုတာမေ့သွားတတ်ပါတယ်။ အလုပ်ရှင်က ဖိအားပေးနေတာပဲဖြစ်ဖြစ်၊ စီမံခန့်ခွဲမှုမန်နေဂျာက အလျင်လိုနေတာပဲဖြစ်ဖြစ် အလုပ်လုပ်ရတာပိုမိုခက်ခဲစေပါတယ်။ ဒါကြောင့် အချိန်ယူပြီးတော့ ကိုယ်လုပ်နေတဲ့အလုပ်ကို ကိုယ်ဘယ်လောက်သဘောကျလည်းဆိုတာတွေးတာပြီးတော့ အဓိပ္ပာယ်ရှိတဲ့အလုပ်အတွေ့အကြုံတွေကို ပြန်လည်ရယူဖို့ကြိုးစားပါ။

4. ကွန်ပျူတာနဲ့ ေ၀းဝေးနေပါ

        အိပ်ရာကနိုးတာနဲ့ အီးမေးလ်တွေကိုစစ်တာဟာ ပုံမှန်လို့ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် အိပ်ရာမဝင်ခင် အီးမေးလ်တစ်ခေါက်စစ်ပြီးသော်ငြားလည်း မနက် 2 နာရီလောက်မှာ တစ်ခါထစစ်တယ်ဆိုရင်တော့ ကွန်ပျူတာအသုံးပြုမှုကို လျော့ချရန်လိုအပ်နေပြီဆိုတာပြသနေပါပြီ။

          21 ရာစုမှာ လူတော်တော်များများဟာ အလုပ်နဲ့လက်ထပ်ထားသလို မခွဲအတူရှိနေတာကြောင့် ကွန်ပျူတာအသုံးပြုခြင်းဟာလည်း အဲဒီအနေအထားရဲ့ တစ်စိတ်တစ်ဒေသဖြစ်လို့နေပါတယ်။ အကောင်းဆုံးကတော့ အိပ်ရာမဝင်မီ တစ်နာရီအလိုလောက်မှာ ကွန်ပျူတာကိုပိတ်လိုက်ပြီး အရာအားလုံးကိုမေ့ထားလိုက်ပါ။

5. ကိုယ့်ကိုကိုယ်ပြုစုပါ

        အခုခေတ်မှာ လူတော်တော်များများဟာ အစားအသောက်နဲ့ပတ်သက်ပြီး ထိန်းချုပ်နေကြတယ်ဆိုပေမယ့်လည်း ကိုယ့်ကိုကိုယ်ချီးမြှင့်ခြင်းမရှိတဲ့ဘဝဟာ စိတ်ညစ်ညူးစရာကောင်းတဲ့အပြင် စိတ်ဖိစီးမှုကိုလည်းပိုမိုမြင့်တက်စေပါတယ်။ အချိုတွေကိုအလွန်အကျွံစားသုံးရမယ့်မဆိုလိုပေမယ့်လည်း တစ်ပတ်တစ်ကြိမ်၊ နှစ်ကြိမ်တော့ မိမိစားချင်တာကို မိမိဘာသာခွင့်ပြုသင့်ပါတယ်။

6. ရေချိုးနေစဉ်သီချင်းဆိုပါ

        သီးချင်းဆိုခြင်းဟာ စိတ်ပျော်ရွှင်မှုကိုပေးနိုင်တဲ့အပြင် ကိုယ်နေဟန်ထားကိုတိုးတက်စေခြင်း၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိစေခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာဖွ့ံဖြိုးမှုကို ပိုမိုတိုးတက်စေပါတယ်။ ဒါပေမယ့်လည်း တော်တော်များများဟာ လမ်းအလယ်မှာ သီချင်းအော်ဆိုဖို့ရှက်တာကြောင့် ရေချိုးတဲ့အချိန်ဟာ ခံစားမှုတွေကိုဖွင့်ဟဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ ဒါကြောင့် ရေချိုးစဉ်မှာ အလုပ်မှာဖြစ်ပျက်ခဲ့တဲ့မကောင်းတဲ့အရာတွေကိုတွေးနေမယ့်အစား သီးချင်းကိုသာ ကျယ်ကျယ်လောင်လောင်အော်ဆိုလိုက်ပါ။

7. ရယ်မောပါ

        ရယ်မောခြင်းဟာ အကောင်းဆုံးဆေးတစ်ခွက်ဆိုတာမမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ ရယ်မောခြင်းဖြင့် ဦးနှောက်မှ endorphins လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်လုပ်ပေးတာကြောင့် ပျော်ရွှင်စေတာဖြစ်ပါတယ်။ ရယ်မောဖွယ်ရုပ်ရှင်တွေကိုကြည့်ပေးခြင်းအားဖြင့် မိမိရင်ဆိုင်နေရတဲ့ဖိအားတွေကို မေ့ပစ်နိုင်ဖို့ကောင်းစွာအကူအညီပေးနိုင်ပါတယ်။

8. အပြင်ထွက်၍ လည်ပတ်ပါ

        နယူးယော့ခ်ဆေးတက္ကသိုလ်၏ စိတ်ပညာလက်ထောက်ပါမောက္ခဖြစ်သူ Julie Holland ရဲ့အဆိုအရ ခန္ဓာကိုယ်ဟာ မည်သည့်အချိန်မှန်းမသိတော့တဲ့အချိန်မှာ စိတ်ဖိအားပိုမိုဖြစ်စေနိုင်တယ်လို့သိရပါတယ်။

          တစ်နေကုန်မိမိရဲ့ရုံးခန်းထဲမှာပဲ အချိန်ဖြုန်းနေပါက နေရောင်ခြည်ကောင်းစွာမရနိုင်တာကြောင့် ခန္ဓာကိုယ်ရဲ့ စိတ်ဖိစီးမှုဟာပိုမိုမြင့်တက်လာနိုင်ပါတယ်။ လေကောင်းလေသန့်ရှုပြီး နေရောင်အောက်မှာလမ်းလျှောက် ထွက်ခြင်းဟာ ဦးနှောက်ကောင်းစွာပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက် အဓိကသော့ချက်ပဲဖြစ်ပါတယ်။

9. ဝါသနာပါရာတစ်ခုခုကိုလုပ်ပါ

        လူအများစုဟာ အလုပ်မှာပင်ပန်းလို့အိမ်ပြန်ရောက်တာနဲ့တစ်ပြိုင်နက် ရုပ်မြင်သံကြားရှေ့မှာနေလေ့ရှိပါတယ်။ ဒါပေမယ့် ရုပ်ရှင်ကြည့်ခြင်းဟာ ဦးနှောက်ကိုအနားပေးရာမရောက်ဘဲ အတွေးကိုပိုမိုပွားစေပါတယ်။ ဒါကိုရှောင်ရှားနိုင်ဖို့်အတွက် ပဟေဠိဖြေခြင်း (သို့) သူငယ်ချင်းတွေနဲ့ အားကစားပြုလုပ်ခြင်း စတဲ့စိတ်ကိုကြည်လင်စေနိုင်တဲ့အရာတွေကို ပိုမိုပြုလုပ်သင့်ပါတယ်။

10. ပြည့်ပြည့်၀၀ အိပ်စက်ပါ

        နောက်ဆုံးအချက်အနေနဲ့ အိပ်ရေးမဝခြင်းဟာ စိတ်ဖိစီးမှုပိုမိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းပဲဖြစ်ပါတယ်။ ရေရှည်မှာ ကျန်းမာရေးကိုလွန်စွာထိခိုက်နိုင်တာကြောင့် ညဘက်စောစောအိပ်ရာဝင်ပြီး အိပ်ရေးဝဝအိပ်နိုင်ရန် လွန်စွာမှပင် အရေးကြီးလှပါတယ်။

 

Dr. Thinzar Wynn

www.drmyanmar.com