နှလုံးကျန်းမာရေး ကောင်းမွန်လိုပါသလား?
အောက်ပါအချက်တွေက နှလုံးကျန်းမာရေးအတွက် အရေးပါတဲ့ကဏ္႑မှာ ပါ၀င်နေတာကြောင့် သိထားသင့်တဲ့အချက်တွေ ဖြစ်ပါတယ်။
1. LDL Cholesterol
Low density lipoprotein (LDL) လို့ခေါ်တဲ့ ကိုလက်စထရောဟာ ခန္ဓာကိုယ်ကို ဆိုးကျိုးပေးတဲ့ ကိုလက်စထရောဖြစ်ပြီး သွေးကြောများအတွင်းမှာ ကိုလက်စထရောများ စုပုံလာပြီး သွေးကြောပိတ်ဆို့ခြင်းရဲ့ တရားခံဖြစ်တာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။
2. Body Mass Index or BMI
BMI ဆိုတာ ခန္ဓာကိုယ်အတွက် အလေးချိန်နှင့် အရပ်အမောင်းကို အခြေခံပြီး ခန္ဓာကိုယ်ရဲ့ အဆီကို သိရှိအောင် တွက်ချက်တာ ဖြစ်ပါတယ်။ BMI မြင့်လေလေ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ ဖြစ်နိုင်ခြေနှင့် လေဖြတ်နိုင်ခြေ မြင့်မားလေလေပါပဲ။
3. ခါးအတိုင်းအတာ
ခါးတစ်၀ိုက်မှာ အဆီတွေ စုပုံနေခြင်းကြောင့် ပန်းသီးသဏ္ဌာန်ဖြစ်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေဟာ တင်ပါးမှာ အဆီစုနေတဲ့ သစ်တော်သီးပုံသဏ္ဌာန် ခန္ဓာကိုယ်ပိုင်ရှင်တွေထက်စာရင် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများတာကို သင်သိပါသလား။
4. Triglycerides
တကယ်တော့ Triglycerides ဟာ ကိုလက်စထရော အမျိုးအစား မဟုတ်ပါဘူး။ သွေးထဲမှာ Triglycerides ပြင်းအား များခြင်းက နှလုံးသွေးကြောရောဂါများကို ဖြစ်စေပြီး အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်လို့ သိရပါတယ်။
5. သွေးဖိအား
အသက်ကြီးလာတာနဲ့အမျှ သွေးတိုးရောဂါ ခံစားရနိုင်ခြေလည်း မြင့်တက်လာပါတယ်။ သွေးတိုးရောဂါရှိသူတွေ အနေဖြင့် သင့်တင့်တဲ့ သွေးပေါင်ပမာဏကို မထိန်းထားနိုင်ပါက နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။
6. သွေးတွင်းသကြားဓာတ်
ခန္ဓာကိုယ်မှ အင်ဆူလင်ဟော်မုန်း မထုတ်လုပ်နိုင်တဲ့အခါမှာဖြစ်စေ ဒါမှမဟုတ် အင်ဆူလင်ဟော်မုန်းကို ကောင်းစွာ မတုံ့ပြန်နိုင်တဲ့အခါမှာဖြစ်စေ သွေးထဲမှာ သကြားဓာတ် များပြားလာပြီး သွေးကြောနှင့် အာရုံကြောတွေကို ပျက်စီးစေပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)






























