/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှလုံးကြီးရခြင်း၏-အကြောင်းရင်းများ

နှလုံးကြီးရခြင်း၏ အကြောင်းရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        နှလုံးကြီးခြင်းဟာ သင့်နှလုံးကို ပုံမှန်ထက်အလုပ်ပိုလုပ်ပိုညှစ်ရစေနိုင်တဲ့ (သို့မဟုတ်) နှလုံးကြွက်သားကို ပျက်စီးစေနိုင်တဲ့အခြေအနေများကြောင့် ဖြစ်ပေါ်ရပါတယ်။ တစ်ခါတရံမှာ နှလုံးကြီးပြီး နှလုံးညှစ်အားမကောင် အားနည်းတာဟာ အကြောင်းရင်းရှာမရဘဲဖြစ်ပေါ်တတ်ပြီးတော့ အကြောင်းရင်းမသိ (idiopathic) လို့ ခေါ်ပါတယ်။ မွေးရာပါနှလုံးရောဂါ၊ နှလုံးသွေးကြောရုတ်တရက်ပိတ်ပြီး နှလုံးသွေးမရတဲ့အခြေအနေ (Heart Attack) နဲ့ နှလုံးခုန်မမှန်တဲ့ရောဂါများကြောင့် နှလုံးကြီးခြင်းဖြစ်ပေါ်နိုင်ပါတယ်။ နှလုံးကြီးခြင်းဖြစ်ပေါ်နိုင်တဲ့ အခြားသောအခြေအနေများကတော့-

1. သွေးပေါင်ချိန်မြင့်မားခြင်း (သွေးတိုးခြင်း) - ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ သွေးရောက်ဖို့ အတွက် နှလုံးဟာအရင်ထက်ပိုညှစ်၊ ပိုအားထုတ်ရတဲ့အတွက် နှလုံးကြွက်သားထူထဲလာပြီး နှလုံးကြီးလာပါတယ်။

 

2.   သွေးပေါင်ချိန်မြင့်မားခြင်းနေခြင်းဟာ ဘယ်ဘက်သွေးလွှတ်ခန်းကိုကြီးလာစေပြီး နှလုံးကြွက်သားကို တဖြည်းဖြည်းအားနည်းလာစေပါတယ်။ ဒါ့အပြင် သွေးတိုးခြင်းကြောင့် သွေးလွှတ်ခန်းအပေါ်မှာ ရှိတဲ့ သွေးဝင်ခန်းတွေကိုလည်း ကြီးလာစေနိုင်ပါတယ်။

 

3.   နှလုံးအဆို့ရှင်ရောဂါ - နှလုံးမှာရှိတဲ့အဆို့ရှင်လေးခုဟာ သွေးတွေလမ်းကြောင်းမှန်စွာစီးဆင်းနိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။ တကယ်လို့ ပိုးလေးဖက်နာရောဂါ၊ နှလုံးအတွင်းဆုံးလွှာပိုးဝင်ရောင်ရမ်းခြင်းရောဂါ (Infectious endocarditis) လို ရောဂါပိုးများဝင်ရောက်ခြင်း၊ နှလုံးချွတ်ယွင်းမှုတစ်ခုခုရှိခြင်း၊ ကြားခံတွယ်ဆက် တစ်သျှူးများပုံမမှန်ဖြစ်ခြင်း (Connective Tissue Disorder)၊ ကင်ဆာရောဂါအတွက်ဓာတ်ကင်ခြင်းနဲ့ အချို့သောဆေးဝါးများ စသည့်အကြောင်းများကြောင့် နှလုံးအဆို့ရှင်များပျက်စီးခဲ့လျှင်လည်း နှလုံးကြီးနိုင်ပါတယ်။

 

4.   နှလုံးကြွက်သားရောဂါ (Cardiomyopathy) - နှလုံးကြွက်သားများ ထူထဲတောင့်တင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကို သွေးပိုမိုရောက်ရှိစေနိုင်ဖို့အတွက် နှလုံးဟာပုံမှန်ထက် ပိုအားစိုက်ရတာကြောင့် နှလုံးကြီးလာပါတယ်။

 

5.   နှလုံးနဲ့အဆုတ်ကို ဆက်ပေးတဲ့ အဆုတ်သွေးလွှတ်ကြောတွင်း ဖိအားမြင့်မားခြင်း (Pulmonary Hypertension) - အဆုတ်သွေးလွှတ်ကြောတွင်း ဖိအားမြင့်မားနေတဲ့အတွက် အဲဒီဖိအားကိုကျော်လွန်ပြီး နှလုံးနဲ့ အဆုတ်ကြားသွေးရောက်ဖို့အတွက် နှလုံးဟာပိုမိုညှစ်ထုတ်ရပါတယ်။ အဲဒီအတွက် နှလုံးညာဘက်အခြမ်းဟာ ကြီးလာပါတယ်။

 

6.   နှလုံးရေလွှမ်းခြင်း (Pericardial Effusion) - နှလုံးကိုကာရံထားတဲ့ အမြှေးပါးအိတ်(Pericardium) ထဲမှာ ရေများစုလာတဲ့အတွက် နှလုံးပတ်ပတ်လည်ရေဖုံးလွှမ်းပြီး ဓာတ်မှန်ထဲမှာ နှလုံးကြီးတဲ့ပုံစံမြင်ရတတ်ပါတယ်။

 

7.   သွေးအားနည်းခြင်း (Anemia) - သွေးအားနည်းတယ်ဆိုတာ တစ်သျှူးများဆီကို အောက်ဆီဂျင် သယ်ယူပို့ဆောင်ပေးတဲ့ ပုံမှန်သွေးနီဥအရေအတွက် သွေးတွင်းမှာလုံလောက်မှုမရှိတာဖြစ်ပါတယ်။ မကုသဘဲနေလျှင် ရေရှည်သွေးအားနည်းနေခြင်းဟာ နှလုံးခုန်မမှန်တာ၊ (သို့မဟုတ်) မြန်တာကို ဖြစ်ပေါ်စေနိုင် ပါတယ်။ သွေးတွင်းအောက်ဆီဂျင်ဓာတ် မလုံလောက်တဲ့အတွက် နှလုံးဟာသွေးတွေပိုမိုညှစ်ထုတ်ရတဲ့ အတွက် နှလုံးကြီးနိုင်ပါတယ်။

 

8.   လည်ပင်းကြီးအကျိတ် (သိုင်းရွိုက်)ရောဂါများ (Thyroid Disorders) ‑ လည်ပင်းအကျိတ်လျော့နည်း အလုပ်လုပ်ပြီး သိုင်းရွိုက်ဟော်မုန်းနည်းပါးတဲ့ရောဂါ (Hypothyroidism) ရော၊ အလွန်အကျွံအလုပ်လုပ်ပြီး သိုင်းရွိုက်ဟော်မုန်းများပြားတဲ့ရောဂါ (Hyperthyroidism) ရောဟာ နှလုံးကြီးခြင်းအပါအဝင် နှလုံးရောဂါ များကိုဖြစ်ပေါ်စေနိုင်ပါတယ်။

 

9.   ခန္ဓာကိုယ်တွင်းသံဓာတ်အလွန်များခြင်းပြဿနာ (Hemochromatosis) - ခန္ဓာကိုယ်တွင်းသံဓာတ်အလွန် များခြင်းရောဂါဟာ ခန္ဓာကိုယ်အတွင်းမှာ သံဓာတ်ဇီဝဖြစ်စဉ် ပုံမှန်မပြုလုပ်နိုင်တဲ့အတွက်ဖြစ်ပေါ် တာဖြစ်ပြီး နှလုံးအပါအဝင် အခြားသောအင်္ဂါအစိတ်အပိုင်းများတွင်ပါ သံဓာတ်များစုပုံလာတတ်ပါတယ်။ သံဓာတ်စုပုံလာခြင်းဟာ နှလုံးကြွက်သားကိုအားနည်းစေပြီး ဘယ်ဘက်သွေးလွှတ်ခန်းကို ကြီးလာစေတတ်ပါတယ်။

 

 10. အေမိုင်လွိုက်များစုပုံခြင်းရောဂါ (Amyloidosis) လို အဖြစ်နည်းတဲ့ရောဂါများကလည်း နှလုံးအပေါ် သက်ရောက်မှုရှိပါတယ်။ Amyloidosis ဆိုတာ ပုံမှန်မဟုတ်တဲ့ ပရိုတိန်းဓာတ်တွေ သွေးထဲလှည့်ပတ်နေပြီး အင်္ဂါအစိတ်အပိုင်းအချို့မှာစုပုံနိုင်တဲ့အတွက် နှလုံးမှာလည်း စုပုံနိုင်ခြေရှိပါတယ်။ အဲဒီအခါနှလုံးအလုပ်လုပ် တာကိုနှောက်ယှက််ပြီး နှလုံးကိုကြီးလာစေနိုင်ပါတယ်။

 

Dr. Thanda Lin

 www.drmyanmar.com