/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှလုံးညှစ်အားမကောင်းခြင်း-heart-failure-နှင့်-ပတ်သက်၍

နှလုံးညှစ်အားမကောင်းခြင်း (Heart Failure) နှင့် ပတ်သက်၍ လူအများစုမသိသေးသည့်အချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         နာတာရှည်နှလုံးအားနည်း၍ နှလုံးညှစ်အားမကောင်းခြင်းနှင့် ပတ်သက်ပြီး လူအများစုမသိသည့် အချက် (၈)ချက်ကို ဖော်ပြလိုက်ပါသည်။

 

(၁) ကျန်းမာရေးအလေ့အကျင့်ကောင်းများသည် မျိုးရိုးလိုက်တတ်သော နှလုံးရောဂါကိုမူ ကာကွယ်နိုင်ခြင်း မရှိပါ။

         အချို့သော နှလုံးကြွက်သားမကောင်းသည့်ရောဂါများ (Cardiomyopathies)သည် မျိုးရိုးဗီဇ ချွတ်ယွင်းမှုများနှင့် သက်ဆိုင်ပြီး မျိုးရိုးလိုက်တတ်သဖြင့် ကျန်းမာရေးလေ့လာလိုက်စား၍ လေ့ကျင့် ခန်းမှန်မှန်လုပ်သူများ၊ ကျန်းမာရေးနှင့်အညီနေထိုင်သူများတွင်ပင် နှလုံးအားနည်း၍ ညှစ်အား မကောင်းခြင်း ဖြစ်ပေါ်နိုင်ပါသည်။

 

(၂) စိတ်ထောင်းကိုယ်ကြေဟူသည့်အတိုင်း နှလုံးညှစ်အားမကောင်းသော ရောဂါမဖြစ်ပွားစေရန် စိတ်ကျန်းမာရေးကိုလည်း ဂရုပြုရန်လိုသည်။

         နှလုံးညှစ်အားမကောင်းခြင်းနှင့် စိတ်ကျရောဂါတို့မှာ ဆက်စပ်နိုင်သည့်အလျောက် စိတ်ချမ်းသာအောင် ကြိုးစားသင့်ကြောင်း တက္ကဆက်(Texas) ပြည်နယ်မှ နှလုံးရောဂါရှင်တစ်ဦးကဆိုသည်။ ၄င်းက စိတ်တည်ငြိမ်စေရန် ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းတို့ကို ပြုလုပ်နေပြီး အမေရိကန်နှလုံး ကျန်းမာရေးအဖွဲ့အစည်း (American Heart Association) ကြီးက နှလုံးကျန်းမာရေးအတွက် တရားထိုင်ခြင်းကို အားပေးထားသည်။

 

(၃) နှလုံးညှစ်အားမကောင်းခြင်းသည် ရုတ်တရက်နှလုံးသွေးကြောပိတ်၍နှလုံးအောင့်ခြင်း (Heart Attack)နှင့်မတူညီပါ။

         လူအများစုအနေဖြင့် နှလုံးအားနည်း၍ နှလုံးညှစ်အားမကောင်းခြင်းရောဂါကို ရုတ်တရက် နှလုံးသွေးကြောပိတ်၍နှလုံးအောင့်သည့်ရောဂါနှင့် မှားယွင်းစွာ သိထားတတ်ကြသည်။  နှလုံးသွေး ကြောပိတ်ရောဂါတွင် နှလုံးသို့ထောက်ပံ့သောသွေးကြောပိတ်ခြင်းကြောင့် သွေးမလျှောက်ဘဲ ရင်ဘတ်အောင့်တတ်ပြီး နှလုံးကြွက်သားအားနည်း၍ ညှစ်အားမကောင်းသောရောဂါတွင်မူ နှလုံးမှသွေး မညှစ်နိုင်၍ အဆုတ်၊ ဝမ်းဗိုက်နှင့် ခြေထောက်တို့တွင် သွေးများကျန်ရှိအိုင်ထွန်းကာ အသက်ရှူကြပ်ခြင်း၊ ခြေထောက်ဖောရောင်ခြင်း၊ အန်းခြင်းတို့ဖြစ်နိုင်သည်။

 

(၄) နှလုံးညှစ်အားမကောင်းခြင်းသည် အသက်အရွယ်မရွေးဖြစ်ပေါ်နိုင်သည်။

          အချို့သူများသည် ငယ်ရွယ်သေးသည့်အတွက် နှလုံးအားနည်းရောဂါမဖြစ်နိုင်ဟု ယူဆတတ်ကြသည်။ သို့ရာတွင် နှလုံးညှစ်အားမကောင်းသည့်ရောဂါမှာ အသက်အရွယ်မရွေး၊ လူမျိုးမရွေး ဖြစ်ပေါ်နိုင်ပြီး မွေးရာ ပါနှလုံးချွတ်ယွင်းချက်ပါလာသော ကလေးငယ်များအဖို့ ကလေးအရွယ်တွင်ပင် နှလုံးညှစ်အားမကောင်းသည် အထိဖြစ်ပေါ်နိုင်ပြီး မွေးရာပါချွတ်ယွင်းချက်များ သည် နှလုံးတွင် အဖြစ် များဆုံးဖြစ်သည်။

 

(၅) နှလုံးညှစ်အားမကောင်းပါက နေ့စဉ်နေထိုင်မှုပုံစံလုံးဝပြောင်းလဲရန်လိုသည်။

          ကျန်းမာရေးနှင့်မညီညွတ်သော အနေအထိုင်အပြုအမူများသည်လည်း သွေးတိုးရောဂါ ကို ဖြစ်စေနိုင်ပြီး၊ ထိုမှတစ်ဆင့် နောက်ဆက်တွဲနှလုံးညှစ်အားမကောင်းစေနိုင်သော အကြောင်းတစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကို အာဟာရမျှတစွာ စားသုံးရန် လိုပါသည်။

 

(၆) နှလုံးညှစ်အားမကောင်းသည့်ရောဂါအား လုံးဝပျောက်ကင်းအောင် ကုသ၍ မရပါ။

          နှလုံးညှစ်အားမကောင်းသည့်ရောဂါသည် တစ်သက်လုံးနာတာရှည်ရောဂါဖြစ်ပြီး အထူး ဂရုစိုက်ကုသရန်လိုအပ်ပါသည်။ ရောဂါရှင်တို့၏အနည်းငယ်မျှသောရာခိုင်နှုန်းသာလျှင် ပြန်လည် ကောင်း မွန်ကြပြီး အများစုမှာ တစ်သက်လုံးဝေဒနာ ခံစားရလေ့ရှိ သည်။ ဆေးကုသမှုဖြင့် ရောဂါ လက္ခဏာများကိုသက်သာစေပြီး သက်တမ်းကို ဆွဲဆန့်နိုင်သည်။ သောက်ဆေးများဖြင့် မသက်သာလျှင် ပိတ်နေသောသွေးကြောများကိုပြန်လည်ပွင့်စေရန်(သို့မဟုတ်) သွေးထောက်ပံ့မှုပိုမိုကောင်းမွန်စေရန်   နှလုံးသွေးကြော လမ်းလွှဲခြင်းစသည့် ခွဲစိတ်မှုများကို ပြုလုပ်နိုင်ပြီး ရောဂါအခြေအနေဆိုးဝါးပါက နှလုံး အစားထိုးခြင်း လုပ်ဆောင်နိုင်သည်။

 

(၇) နှလုံးညှစ်အားမကောင်းသောရောဂါရှိ၊ မရှိ ကြိုတင်စမ်းသပ်စစ်ဆေးခြင်း (Screening) လုပ်ဆောင်သင့်သည်။

          မိမိ၏မိသားစုကျန်းမာရေးရာဇဝင်နှင့် နှလုံးအားနည်းရောဂါဖြစ်နိုင်ခြေရှိသော ရောဂါလက္ခဏာများကို ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်၍ ကြိုတင်စမ်းသပ်စစ်ဆေးသင့်သည်။ အသက်ရှူကြပ်ခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ ခြေမျက်စိနှင့်ခြေထောက်များဖောရောင်အန်းခြင်းတို့သည် နှလုံး ညှစ်အားကောင်း၊ မကောင်း စစ်ဆေးသင့်သော လက္ခဏာများဖြစ်သည်။ လူတိုင်းတစ်နှစ်လျှင် တစ်ကြိမ်ခန့် နှလုံးရောဂါရှိ၊ မရှိစစ်ဆေးသင့်သည်။

 

(၈) နှလုံးညှစ်အားမကောင်းသော်လည်း ကောင်းမွန်ပျော်ရွှင်စွာ နေထိုင်နိုင်သည်။

            နှလုံးညှစ်အား မကောင်းသောရောဂါဖြစ်နေသော်လည်း ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်နှင့်နေထိုင်မှုပုံစံကို လိုက်နာ၍ ဆေးကုသမှုခံယူကာ ပုံမှန်ဆေးသောက်သုံးပါက သက်တမ်းစေ့ ကောင်းမွန်ပျော်ရွှင်စွာနေထိုင်နိုင်မည်ဖြစ်သည်။

 

Dr. Thanda Lin

www.drmyanmar.com