/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှလုံးရောဂါဖြစ်စေနိုင်တဲ့-အကြောင်းရင်း-၅-ချက်

နှလုံးရောဂါဖြစ်စေနိုင်တဲ့ အကြောင်းရင်း (၅) ချက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ရင်ဘတ်အောင့်တယ်၊ ရင်တုန်တယ်။ ဒီလိုစကားသံတွေ မကြာမကြာ ကြားလာရပါတယ်နော်။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူနေမှုပုံစံ စားသောက်မှုပုံစံတွေရဲ့နောက်မှာ ကပ်လိုက်လာတာ နှလုံးနဲ့ သွေးကြောရောဂါတွေပါပဲ။ ဘာကြောင့်နှလုံးရောဂါ ပိုဖြစ်စေနိုင်သလဲဆိုတာ သိသင့်သိထိုက်တဲ့ ဗဟုသုတအနေနဲ့ ပြောပြပေးပါမယ်။

          နှလုံးရောဂါဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေလို့ ဆိုလိုက်ရင် သွေးတိုး၊ ဆီးချို၊ သွေးတွင်းကိုလက်စထရော အဆီဓာတ်များခြင်း၊ အဝလွန်ခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ ဆေးလိပ်သောက်ခြင်း စသဖြင့် အကြောင်းရင်း အတော်များများကို အသိများလာကြပါပြီ။ ဒါပေမဲ့ အခုပြောမယ့် အကြောင်းရင်းတွေကိုတော့ အသိနည်းကြပါတယ်။

          လတ်တလော လေ့လာမှုတွေအရ -

●        အိပ်ခြင်းပြဿနာတွေ

●        ကိုယ်ဝန်ဆောင် နောက်ဆက်တွဲပြဿနာတွေ

●        စိတ်ခံစားမှုတွေ

●        သွားဖုံးရောဂါတွေ

●        နာတာရှည် ရောင်ရမ်းခြင်းဝေဒနာတွေကလည်း နှလုံးရောဂါဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေပဲဆိုတာ သိလာရပါတယ်။

          အတော်များများက ဒီအကြောင်းတွေကို မသိကြတာများတယ်။ ဒီအရေးကြီးတဲ့ အကြောင်းလေးကို ဆွေးနွေးကြည့်ကြရအောင်နော်။

 

၁။     အိပ်ရေးမဝခြင်းက သွေးတိုးစေပြီး သွေးကြောတွေကို တောင့်တင်းစေနိုင်ပါတယ်။

          အိပ်နေရင်း စက္ကန့်ပိုင်းလောက် အကြိမ်ကြိမ် အသက်ရှူ ရပ်ရပ်သွားတတ်တဲ့ sleep apnoea ဆိုတဲ့ ရောဂါတစ်မျိုးဟာ အခုခေတ်မှာ အတော် ဖြစ်လာကြပါတယ်။ ဒီရောဂါဟာ သွေးတိုးနဲ့ နှလုံးခုန်နှုန်း မမှန်ခြင်းရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။

          ဒါကြောင့် ဒီရောဂါကို သတိမထားမိ၊ မကုသမိရင် နှလုံးအတွက် အခြေအနေ မကောင်းပါဘူးနော်။

          ၂၀၁၈ မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ နှလုံးရောဂါဖြစ်ဖို့ အခွင့်အလမ်း ရှိနေသူတွေမှာ ၃ နှစ်လောက် အိပ်ရေးမဝခြင်းဟာ သွေးလွှတ်ကြောတွေကို တောင့်တင်းစေနိုင်ကြောင်း တွေ့ရပါသတဲ့။

          ဒီလောက်ဆို အိပ်ရေးဝဖို့အရေးကြီးကြောင်း သိကြပြီပေါ့။ တစ်နေ့ကို ၇ နာရီပြည့်အောင်မအိပ်ရင် ခန္ဓာကိုယ်ထဲက ဖိစီးမှုဟော်မုန်းတွေ အထွက်များပြီးတော့ သွေးတိုးတာ၊ ဗိုက်အဆီတက်တာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် အိပ်ချိန်နည်းခြင်းကြောင့် သွေးတွင်းကိုလက်စထရော အဆီဓာတ်တွေ မြင့်တက်လာစေပြီး ဆီးချို၊ သွေးတိုးကို ထိန်းချုပ်ရ ခက်စေနိုင်ပါသေးတယ်။

 

၂။     ကိုယ်ဝန်ဆောင် နောက်ဆက်တွဲ ဆိုးကျိုးတွေအနေနဲ့ သွေးတိုး၊ ဆီးချိုရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။

          ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်ဖူးသူ အမျိုးသမီးတစ်ယောက်ဟာ နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်ဖြစ်ဖို့ ၃ ဆ ပိုများသလို ကိုယ်ဝန်ဆောင်နောက်ပိုင်းမှာလည်း သွေးတိုး၊ ဆီးချိုရောဂါဖြစ်ဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ နောက် ကိုယ်ဝန်ဆောင်စဉ်မှာ သွေးတိုးပြီး ဆီးထဲ ပရိုတင်း အသားဓာတ်တွေ ပါလာတတ်တဲ့ ကိုယ်ဝန်ဆိပ်တက်တဲ့ အမျိုးသမီးတွေမှာလည်း နောက်ပိုင်းမှာ သွေးတိုးရောဂါနဲ့ နှလုံးရောဂါတွေဖြစ်ဖို့ ၂ ဆ ပိုများလာတယ်လို့ သိရပါတယ်။

          ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ သွေးပေါင်နဲ့ သွေးတွင်းအချိုဓာတ်တွေကို ပုံမှန်စစ်ဆေးနေဖို့ အင်မတန်မှ အရေးကြီးပါတယ်နော်။ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ၊ ကိုယ်ဝန်ဆိပ်တက်ရောဂါတွေ ဖြစ်ဖူးခဲ့ရင် ကစီဓာတ်ကို လျှော့စားတာ၊ အချိုရှောင်တာ၊ လေ့ကျင့်ခန်း မှန်မှန်လုပ်တာမျိုးတွေ ပြုလုပ်ပေးဖို့ လိုပါတယ်။

 

၃။     စိတ်ရောဂါအခြေအနေတွေကလည်း နှလုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။

          စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်တိုဒေါသထွက်ခြင်း၊ အထီးကျန်ခြင်း၊ စိတ်ဖိစီးမှုတွေဟာ အချိန်ကြာလာတဲ့အခါ နှလုံးရောဂါဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၁၇ မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရဆိုရင် စိတ်ဓာတ်ကျဝေဒနာ ခံစားနေရပြီး လူမှုထောက်ပံ့ခြင်းလည်း မခံရသူတွေမှာ ၁၃ နှစ်အကြာ နှလုံးရောဂါ ဖြစ်လာတတ်ကြကြောင်း တွေ့ရှိရပါတယ်။ အမျိုးသမီးတွေမှာ အထီးကျန်ခြင်းကြောင့် နှလုံးရောဂါဖြစ်နိုင်ကြောင်း တွေ့ရှိရပါသေးတယ်။ အထီးကျန်ခြင်းဟာ စိတ်ဓာတ်ကျခြင်းနဲ့ ဆက်စပ်နေတာကြောင့်ပါ။ ဆက်စပ်စဉ်းစားကြည့်မယ်ဆိုရင် စိတ်အခြေအနေမကောင်းတဲ့အခါ လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့၊ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ်စားဖို့၊ ဆေးမှန်မှန်သောက်ဖို့လည်း သတိထားမိမှာ မဟုတ်တော့ဘူးလေ။ ဒါ့အပြင် နောက်တစ်ချက်က စိတ်ညစ်ညူးခြင်းကြောင့် ဖိစီးမှုဟော်မုန်းတွေ အထွက်များပြီး သွေးကြောတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်အား လျော့နည်းလာကာ နှလုံးရောဂါ ပိုဖြစ်လာနိုင်ပါတယ်။

          ဒါကြောင့် ဒီလို စိတ်ရောဂါအခြေအနေတွေ ခံစားနေရရင် ဆရာဝန်နဲ့ပြသတာ၊ စိတ်ဖိစီးမှုဖြေလျောတဲ့နည်းလမ်းတွေ (တရားထိုင်၊ ယောဂကျင့်) လုပ်တာ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်တာစတဲ့ နည်းလမ်းတွေ ပြုလုပ်ကြည့်သင့်ပါတယ်။

 

၄။     သွားဖုံးရောဂါတွေကလည်း နှလုံးနဲ့သွေးကြောဝေဒနာတွေကို ပေးစွမ်းနိုင်ပါသတဲ့။

          ယုံမလားတော့မသိပေမယ့် နှလုံးရောဂါနဲ့ သွားဖုံးရောဂါတွေဟာ ဆက်စပ်နေပါတယ်တဲ့။ လေ့လာမှုတွေမှာ သွားဖုံးရောဂါရှိသူတွေမှာ နောက်ပိုင်း နှလုံးရောဂါအဖြစ်များလာတာကို တွေ့ရပါတယ်။ အဓိကတရားခံကတော့ ရောင်ရမ်းခြင်းကြောင့်ပါ။

          ဒါကြောင့် သွားနဲ့ခံတွင်းကို သေချာသန့်ရှင်းပေးခြင်းက နှလုံးကိုပါ ကာကွယ်ပေးနိုင်တယ်နော်။ သွားဖုံးရောဂါခံစားနေရရင်လည်း သေချာကုသဖို့ အရေးကြီးပါတယ်။

 

၅။     နာတာရှည် ရောင်ရမ်းဝေဒနာတွေကလည်း နှလုံးကို ထိခိုက်စေပါတယ်။

          သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာ စတဲ့ နာတာရှည်ရောင်ရမ်းဝေဒနာတွေဟာ သွေးထဲကိုလက်စထရောတွေ စုပုံလာစေတယ်လို့ ဆိုပါတယ်။ ဒီလို ခုခံအားကမောက်ကမရောဂါတွေမှာ သွေးတိုးရောဂါတွေ၊ နှလုံးညှစ်အားနည်းရောဂါတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဒီလို ခုခံအားကမောက်ကမရောဂါသည်တွေမှာ နှလုံးကို အမြဲစစ်ဆေးပြီး သွေးပေါင်ပုံမှန်ချိန်ဖို့ အရေးကြီးလာပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)